မိုးည အိမ်မက် ၊ သောက စက်ရာ ၊
ရတက်ဖြာလှိုင်း ၊ လွမ်းမုန်တိုင်းအိမ် ၊
မှုန်မှိုင်း တိမ်ခိုး ၊ ဝတိံ ကျိုးလု ၊
အငြှိုး စုထား ၊ ညုသလား ခင် ၊
ပြုစား နှင်စေ ၊ ရင်အကြွေသက် ၊
မြင်လေရက်မှ ၊ သုဉ်းဘဝရွာ ၊
ရှုံးညတာဆက် ၊ ကဗျာ ပျက်လွင့် ၊
အိမ်မက် နင့်မူး ၊ သည်းပွင့်ဦးကြောင့် ၊
ရင့်ရူး နှောင့်ဗျာ ၊ တောင့်တရာ ဝေး ၊
ကမ္ဘာ ဆွေးလယ် ၊ တေး မတွယ်ငြိ ၊
တွေးနယ်၏လမ်း ၊ သတိကျွမ်းမြိုက် ၊
လှမ်းခိုက် အပူ ၊ နန်းထိုက်သူ , တ ၊
အကူ,မ ကင်း ၊ ချူရခြင်း ခက် ၊
လမင်း မျက်နှာ ၊ အလှမ်းကွာလွန်း ၊
နွမ်းကာ ယွန်းထင့် ၊ အသည်းပွင့်က ၊
နင့်နင့် ကြွေဆွေး ၊ မြေဝယ် မွှေးသည် ၊
အသွေး နုပျို ခေါ်သောကြောင့် ။ ။
ညှိုးလျ မှိန်လျက် ၊ မောဟ မျက်နှာ ၊
ရမ္မက် ဗျာသိုင်း ၊ ကျွမ်းရုံ ဆိုင်းချိန် ၊
မုန်တိုင်းအိမ် မိုး ၊ တရှိန်ထိုး ပြု ၊
အဆိုး ခုများ ၊ သူ့စကား နှင် ၊
မုသား ဆင်လေ ၊ ပင်အဝေခက် ၊
ခင်ခြွေ , မျက်ရှ ၊ မုန်းခဏသာ ၊
ပြုံးပါ့ ညှာသက် ၊ အမှာဆက်ချင့် ၊
ထိန်ဝှက် လွင့်လူး ၊ ကွဲရင့် ရူးမှောင့် ၊
ဆင့်ကူး ကြောင့်ကြာ ၊ မောင့် ညတာဆွေး ၊
တစ်ရွာ ဝေးနယ် ၊ ပြေးအကွယ်ရှိ ၊
ဖေးတွယ်သည့် ပန်း ၊ အကြည့် နွမ်းမိုက် ၊
နန်းမကိုဋ် တစ်မူ ၊ လှမ်းကြိုက် ယူက ၊
အသူရာ့ တွင်း ၊ ပူရခြင်း ဆက် ၊
ကျဆင်း သက်လွှာ ၊ အလွမ်းရွာကျွန်း ၊
မြန်းပါညွှန်းရှင့် ၊ ငရဲဆင့်မျှ ၊
ပွင့်ရင့် မြေဖွေး ၊ လေသယ်ပေးသည် ၊
အဝေး သူ့ကို မျှော်သောကြောင့် ။ ။
နိုးကြွ တိမ်ထက် ၊ လောကပျက်မှာ ၊
အသက်လွှာပိုင်း ၊ စန်းယုန်ရိုင်းရှိန် ၊
ဆုန်စိုင်း မှိန်ညှိုး ၊ ဝရဇိန် မိုးဟု ၊
တမျိုး ရှုသား ၊ ပြုကစားလျင် ၊
သူ့အား မြင်နေ ၊ သွင်သန္ဓေသက် ၊
ရင်ဖြေခက် ည ၊ စုန်းအလှပမာ ၊
ရုန်းကကာ ထွက် ၊ ဝဠာ ထက်မြင့် ၊
တိမ်လျှပ် ရင့်ကျုး ၊ သည်းနင့် စူးအောင့် ၊
ပွင့်ဖူး မောင့်ကလျာ ၊ ကြောင့်ကြကာတွေး ၊
သဒ္ဓါ ဝေးတယ် ၊ ရှေးအဘယ်ထိ ၊
ပြေးကွယ်မည့်မှန်း ၊ အမိ ပန်းမကိုဋ် ၊
နမ်းရှိုက် မကြူ ၊ လွမ်းမြိုက် ဆူကြွ ၊
အပူ ညခင်း ၊ မြူလွ နှင်းစက် ၊
တ,ရင်း မက်ရှာ ၊ ခရမ်းပြာယွန်း ၊
လွမ်းပါလွန်းဖြင့် ၊ အစွဲ ဖွင့်မှ ၊
မြင့်မြင့် ဝေမွှေး ၊ နေနွယ်ဝေးသည် ၊
အဆွေး ခုလို ပေါ်သောကြောင့် ။ ။
မင်းခသူ
19 Sep 2016