မိုးရာသီဂီတ




ကောင်းကင်ဆွဲအားနဲ့ 
ပြဲသွားတဲ့ အိမ်မက်အသစ်စက်စက်တွေ
ဒီတစ်ခါ စံပယ်တွေလာပွင့်ပုံကရိုးသားပါရဲ့လား ။

မိုးမှုန်တေးစက်တွေဆီက
ကောင်းကင်တော်ဂီတကို မကြားရဘူး
ထို့အတူ ...
နတ်ဒေဝတာမြောက်တဲ့
ကချေသည်ရဲ့ ကကွက်ဆန်းတွေကိုလည်း
မမြင်ရဘူး ။

ဒီလိုညမှာပေါ့
လူပီသသူတွေဆီက ရယ်သံဟောက်ပက်နဲ့
ငါ ... ခြောက်ကပ်သွားခဲ့ဖူးတယ် ။

ဘယ်လိုမြင့်မြတ်သူနဲ့မှမတူတဲ့ မြင့်မြတ်သူလေးရယ်
မင်းကို ငါ မွတ်သိပ်ဆာလောင်တယ် ၊ 
လွမ်းမွေ့သူအတွက် နှမ်းတစ်စေ့နဲ့ ဆီဖြစ်ခဲ့တယ် 
မျက်ရည်တစ်စက်နဲ့ ဝိုင်အရက်ကို ငါချက်ခဲ့တယ်

ကြယ်ရောင် လရောင်တို့ ပျောက်ဆုံးသည့်တိုင်အောင်
နေကြတ်သလိုလို ၊ လကြတ်သလိုလို ၊ ရင်ကြပ်နေတဲ့
ဂစ်တာကို ငါမီးညှိလိုက်မိတယ်
ငါ ဆုတောင်းမှားခဲ့ရှာ ...

မီးလောင်နေတဲ့ ဂစ်တာ
မီးတောက်တွေ ရွာတယ် ။

K သူ
19 Sep 16