မင်းခသူများနှင့် စကားပြောခြင်း



ကဗျာတွေထဲမှာမင်းခသူကိုရှာတွေ့ခဲ့တယ်
သံမဏိသီချင်းသည်ဟာ
သူ့ရဲ့အလင်းကိုကိုက်ပြီးကိုယ်တိုင်မွေးဖွားလာခဲ့ရ
အလင်္ကာနတ်ဘုရားငယ်ဟာ
တယောကြိုးပေါ်မှာလမ်းလျှောက်နေတဲ့ကဗျာပဲ ။

ဒီနေ့မင်းခသူဟာ
မနေ့ကမင်းခသူတွေနဲ့စကားပြောရတဲ့အခါ
ရင့်ကျက်ခြင်းကိုအသက်ဇီဝပေါ်မှာလွှမ်းခြုံရတယ်
မနက်ဖြန်မင်းခသူနဲ့တွေ့ပြန်တော့
ယနေ့မင်းခသူဟာနုငယ်ခြင်းသရုပ်ကိုမဖုံးအုပ်နိုင်တော့ပြန်ဘူး ။

မင်းခသူဟာစာရွက်အလွတ်တစ်ရွက်ပဲ
အမြင့်မားဆုံးလွတ်မြောက်ကြောင်းကဗျာကို
ရေးစပ်ခွင့်ရှိနေတယ်
မင်းခသူဟာထင်းရှူးဆီခဲကလေးပဲ
ဘိုးတံနဲ့တယောကြိုးကြားမှာသူနေခွင့်ရတယ်
မင်းခသူဟာအပ်နဖားပေါက်ထဲကကုလားအုတ်တစ်ကောင်ပဲ
မင်းခသူဟာမြူမှုန်ကလေးပေါ်ကစကြဝဠာပဲ ။

မင်းခသူဟာ
နယ်မြေသစ်တိုက်ပွဲပေါင်းများစွာကိုတိုက်ခိုက်ရဦးမယ်
မင်းခသူဟာသူများမျက်ဝန်းကမျက်ရည်ကို
ကိုယ့်မျက်ဝန်းကကျပေးရဦးမယ်
မင်းခသူဟာသံယောဇဉ်ကြိုးတန်းပေါ်မှာ
ခြေရာကလေးပေါင်းများစွာကိုချန်ထားပစ်ခဲ့ရဦးမယ်
မင်းခသူဟာ-------။

မင်းခသူဆိုတဲ့
၂၁နှစ်သားကဗျာဆရာကောင်လေးကို
ဒီနေ့အထိလွယ်ပိုးထားရတာနဲ့တင်
ကမ္ဘာမြေဟာကျေနပ်နေလိမ့်မယ် ။      ။


saw jonathan aye