ခရမ်းတဝက် အလွမ်းတဝက်လမ်းပေါ်ရောက်တော့
ဆည်းဆာတစ်ခြမ်းဟာ ပင်လယ်ထဲကျနေပြီဖြစ်တယ်။
လိမ္မော်ရောင်တွေရဲ့ ခေတ်ပါ
ကျွန်တော့်ရင်ထဲမှာတော့ ငှက်ခါးရောင်တောက်နေဆဲပါ
တခါတုန်းဆီက နောက်ကျခဲ့မိတဲ့ခြေထောက်တွေဟာ
အနောက်ရပ်ကိုငေးဖို့ ဘာကြောင့်များဆန္ဒစောမိပါလိမ့်
ဆည်းဆာငေးဖို့လား ၊ ကြယ်တွေကို ကြိုဆိုဖို့လား
ကျွန်တော့်မှာ မျှော်လင့်ချက်များများစားစားရှိမနေပါဘူး
ကျွန်တော်က စောင့်စားသူသက်သက်ပါ
ဆည်းဆာပြီးဆုံးချိန်လား ၊ ကြယ်ကြွေချိန်ကိုလား
ကျွန်တော့်မှာ အတ္တတရားတွေလည်းရှိမနေပါဘူး
တကယ်တော့ ၊ ကျွန်တော်က အနတ္တလူတစ်ဦးပါ
ကျွန်တော့်အိမ်မက်တွေ အိပ်တန်းတက်ချိန်ကို
ဟောသည်နေရာမှာများရှိမလားလို့ ကြိုဆိုမိရုံပါ
ယုံပါ ...
သူမနာမည်ကို ကြေကွဲအော်ဟစ်နေမှာမဟုတ်ဘူး
လွမ်းရုံသိမ်းဆည်းထားတဲ့ သစ္စာတရားကိုတောင်
ကိုယ့်ရင်ခွင်ကြားအောင် ကျွန်တော်မပြောဝံ့ပါဘူး
အလွမ်းဆိုတာ နတ်ကြီးတဲ့သစ်ပင်မဟုတ်လား
အလွမ်းဆိုဟာ ကျွန်တော်အသက်ရှင်ခွင့်ထက်ပိုတယ်
အလွမ်းဆိုဟာ အာဟာရတဝက် ဆာဟာရတဝက်ဖြစ်တယ်
အလွမ်းကိုကော်နဲ့ကပ်ပြီး စင်ရော်တောင်တွေထက်မှာ
တခါတုန်းဆီက ကျွန်တော်တင်ပေးလိုက်ဖူးပါတယ်
နောက်တော့လည်း ခရမ်းရောင်သမ်းပြီး
ကျွန်တော့်တစ်ဘဝလုံး အနမ်းခံရတော့တာပါပဲ
အဲဒီလို ဘယ်သူရဲကောင်းနဲ့မှမတူအောင်ကို
အကြောင်းကြောင်းနဲ့ ကျရှုံးခဲ့ဖူးသူပေါ့
တောင်ကုန်းကလေးကလွဲရင် Lavender ပန်းတွေဟာ
ခရမ်းရောင်ဝတ်ထားတဲ့ Vampire တွေပါ
သူမဟာ Vampire တွေဝင်စားတဲ့ နတ်ဖုရားပေါ့
ကျွန်တော်ကတော့ ခဏတာလိမ်းဖူးတဲ့သနပ်ခါးပေါ့
မဟာကပ်ကမ္ဘာကို ကဗျာစပ်နေရုံကလွဲလို့
ပက်ကြားအက်နေတဲ့ နှုတ်ခမ်းနဲ့လည်း မခေါ်ရဲဘူး
အတိတ်ဘဝက ပန်းလှေပုံပြင်တွေကိုလည်း
နားမထောင်ရဲဘူး
ပွဲတော်နေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု (သုတ္တံ ၇:၂၀)
လကွယ်ညတွေ အဖော်ပြုနေခဲ့ရဖူးပါတယ်
မျက်ရည်တစ်ထည် ကိုယ်တစ်ခုနဲ့လည်း
ကိုယ့်စိတ်ကိုယ် ပြန်လုယူနေရဖူးပါတယ်
ခုလို ဘာနဲ့မှမတူတဲ့ ကြယ်ခက်ညတွေဆို
ကျွန်တော့်ဂစ်တာကို ဒီအကြောင်းတွေပြောပြတယ်
ဂစ်တာဟာ ကျွန်တော့်ရဲ့ဒုတိယနှုတ်ခမ်းတစ်စုံပဲ
သူမကိုမြတ်နိုးကြောင်း အက္ခရာအဟောင်းတွေ
သူမကိုလွမ်းဆွတ်ခဲ့ရတဲ့ ဘာသာဗေဒတွေ
ဟောဒီတောင်ကုန်းကလေး ခရမ်းရောင်သမ်းနေသမျှ
ထပ်မံပြောပြနေရဦးမှာပါပဲ
ဒါပေမယ့် .... ၊ ခရမ်းပြာတောင်ကုန်းပေါ်မှာ
ကျွန်တော်ဟာ အရှုံးနဲ့ဆိတ်သုဉ်းနေသူသာဖြစ်တယ် ။
K သူ