(၁)
အလွမ်းထပ်သူမို့
ပန်းကပ်လှူပါသည် ဘုရား။
သခင်ခွဲသော
ရှင်ကွဲ အမုန်းခံဘဝနဲ့
ရုန်းကန်မရတဲ့ အလွမ်းဝဋ်မှ
ကျွတ်ရစေသား ။
(၂)
သေခန်းဖြတ်ခံရသူမို့
ရေချမ်းကပ်လှူပါသည်ဘုရား။
မပျော်အညှိုး
ကျွန်တော်မျိုး သက်သခင်ရဲ့
အမျက်ဝင်တဲ့ အမုန်းနွံမှ
လွန်ရစေသား ။
(၃)
သည်ခရီး အပူမပြတ်သမို့
ဆီမီး လှူကပ်ပါသည်ဘုရား ။
နွေရွာလမ်းကြမ်းမှာ
ဝေဒနာ အခန်းခန်းနဲ့
အလွမ်းရဲ့ ဆင်းရဲခြင်းမှ
ကင်းရစေသား ။
(၄)
အဆွေးလွှာ ခက်နွယ်လို့
အမွှေးနံ့သာ သပ္ပါယ်ပါသည်ဘုရား။
နှလုံးယွင်းအောင်
မုန်းခြင်းနှောင် အပြစ်ဖွဲ့တဲ့
အချစ်ရဲ့ အကျွန့်သခင်မလည်း
အေးမြစေသား ။
(၅)
အမြဲရှုံးရသူမို့
အသည်းနှလုံး လှူပါသည်ဘုရား။
အတိမပျော် ...
တပည့်တော် ယခုဘဝထဲ
မချိအမျှော် သမုဒယဝဲမှ
လွဲရစေသား ။
မင်းခသူ
March 15.
2017 Wed