မိုးရွာတယ်
တနေ့လုံး တညလုံး စိုရွှဲစေနိုင်စွမ်းမရှိ
ဂစ်တာကြိုးပေါ် တဒင်္ဂကျရောက်လာ
ပြန်သွားပေမယ့် ဂီတနဲ့မင်းကျစ်ရစ်ခဲ့တယ် ။
လေထုထဲမှာ ၊ စင်ရော်တောင်တွေထက်မှာ
ပြီးတော့ ငုဝါပွင့်နွမ်းနွမ်းတွေပေါ်မှာ ၊ ငါ့ဆီမှာ
အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ အလွမ်းဟာ
ကျန်ရစ်ခဲ့တယ် ။
ပင့်သက်များနဲ့ထွင်းထုထားပြီး
ချစ်ဖို့လောက်ပဲသိတဲ့ စက်ရုပ်
ဒါမှမဟုတ်ရင် နှလုံးခုန်သံတွေနဲ့
နာရီ ...
စက္ကူနဲ့ခေါက်ထားတဲ့ ပန်းတစ်ပွင့်
မင်းကြောင့် ရင့်ကျက်ခဲ့ရပြီ ။
နှုတ်ခမ်းတစ်ချက်မဲ့တိုင်း
မျက်တောင်တစ်ချက်ခတ်တိုင်းမှာ
အငြိုးအတေးများစွာနဲ့ စနေမိုးဟာ
ကြာသပတေးသားရဲ့ ရင်ထဲ ၊ အမြဲညို့ပါတယ် ။
မင်း ...
လက်သပ်မွေးထားတဲ့ အနမ်းတွေကို
ဘယ်လမ်းခွဲအိုမှာ ထစ်ချုန်းပေးမလဲ
ကံတရား ဒို - ရေ - မီ - ဖာ ၊ ခရမ်းပွင့်
အဲဒီနေရာမှာပဲ ကိုယ်ရှိနေဦးမယ်
ရှိကို ရှိရဦးမယ်လို့လည်း ထင်တယ် ။
အဝါရောင်ပန်းတွေ တယောကြိုးမှာပွင့်ပြီ
တစ်ယောက်ယောက် လှမ်းမခေါ်သေးသူ
အချစ်ကလွဲရင် တစ်ကိုယ်လုံးချွတ်ချလို့
မိုးကို ကပြဖျော်ဖြေလိုတယ်
မိုးရဲ့ လက်ခုပ်သံတွေကိုလည်းမျှော်လင့်တယ် ။
ဒီအချိန်မှာ ဒီကဗျာကိုရေးလိုက်ရတာ
မိုးကုပ်စက်ဝိုင်းတစ်ခြမ်းက ဒေသနာကို
နာကြားလိုက်ရလို့ပါပဲ ...
ကောင်းကင်တော်ကပွဲတွေဆီမှာ
ချိန်းဆိုထားပြီးဖြစ်သော နေ့တွေထဲမှာ
ချောကလက်ဘူးထဲက တိမ်တွေထက်မှာ
ဒါမှမဟုတ်
သူမမျက်တောင်ဖျားပေါ်မှာ
ကာလတစ်ခုအထိ ကိုယ်ရှိနေချင်လို့ပါပဲ ။
K သူ