ကောင်းကင်အတု၊ ကြယ်စင်အတုနဲ့ ငါဖန်ဆင်းထားတဲ့ ကမ္ဘာမြေလောကတစ်ခုမှာ လမင်းလိုလာလင်းတဲ့မိန်းမ



ပင်လယ်ဟာ အမှားတွေနဲ့ပြာလွင်နေသလို
ကောင်းကင်ကလည်း အမှားနဲ့ပြာလွင်နေတယ်
ကျယ်ပြန့်သလောက် ကျဉ်းမြောင်းတဲ့ဘဝမှာ
မင်းကိုကောင်းကောင်းမြင်ရတဲ့အထိ ငါသွားခဲ့ပါတယ် ။

မျက်နှာဖုံးတွေနဲ့စကားပြောဖို့ အီးမေးလ်တစ်ခု
ညတွေများစွာ အိပ်ရေးပျက်ပစ်ဖို့ ကော်ဖီတစ်ခွက်
ငါ့ကိုထိုင်မျှားနေတဲ့နာရီလက်တံတွေရဲ့ မာယာမှာ
အေးအေးလူလူကဗျာရေးနိုင်တဲ့အထိ ငါမှားခဲ့ပါတယ် ။

ဘယ်လိုတွေတောင်လား ...
တစ်ခါမှအပျိုရည်မပျက်ဖူးတဲ့ ချစ်ခြင်းတရားနဲ့
အရာအားလုံးကိုခဝါချပြီး လိင်စိတ်ကိုလွှင့်ပစ်ခဲ့
ယုတ္တိမတန်တဲ့
မှန်တစ်ချပ်လို ငါ့အရိပ်ဟာငါ့ဆီမှာမကျန်တော့ဘူး
ဘယ်လိုတွေတောင်လား ... ။

မိုးရွာပြီးစညနေခင်းလို ငါဟာပျော်လို့ရွှင်လို့
ဆောင်းဦးပေါက်နံနက်ခင်းလို ငါဟာမှုန်လို့ဝေလို့
နွေနှောင်းနေ့လည်ခင်းလို ငါဟာကြည်လို့လင်လို့
မြင်နိုင်သမျှ ၊ သိနိုင်သမျှ ၊ ကြားနိုင်သမျှ ...
ပေါ့ပါးလွတ်လပ်နေတဲ့ ဆပ်ပြာပူဖောင်းတစ်လုံးလို
အလင်းတဆုံး အလွမ်းတဆုံး ငါထိုးတက်သွားချိန် ။

မိုးတိမ်တွေရဲ့ ... ရွာ
ကမ္ဘာမြေဟာ မင်းအနမ်းတွေနဲ့ငြိမ်းချမ်းနေတယ်
ကိန်းဂဏန်းတွေရွတ်ဖတ်ပြီး ငါလွတ်မြောက်နေဆဲ
တစ်ယောက်တည်းပေမယ့် တစ်ယောက်တည်းလို
တစ်ယောက်ယောက်ကဲ့သို့ ငါမခံစားခဲ့ရချိန် ။

ပင့်ကူတွေရဲ့ ... အိမ်
သံ​ယောဇဉ်​ဟာ မမြင်နိုင်တဲ့မြားတံအစင်းစင်းလား
သံ​ယောဇဉ်​ဟာ ကံဆိုးသူတွေသာကြားနိုင်တဲ့သီချင်းလား
ဘာပဲဖြစ်​ဖြစ်​ ၊ ငါ့အား တီးပါခတ်ပါ
စန္ဒယားတစ်လုံးလို ငါဘုံးဘုံးလဲနေလိုက်ပြီဖြစ်တယ် ။

အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်ချိန်မှာတောင်
မင်းကိုယ်ရောင်ကိုယ်ဝါကို မြင်နေခဲ့ရတယ်
မင်းဟာ အနက်ရှိုင်းဆုံးစိတ်ကူးတွေထဲအထိ
ဖြတ်သန်းစီးဆင်းလို့ ...
ဒါကို နံနက်ခင်းလို့ ရိုးရိုးလေးအမည်ပေးခဲ့တယ်
ဒါကို ညနေခင်းလို့ ရိုးရိုးလေးပညတ်ခဲ့တယ်
နေဝင် နေထွက်အမှန်တရားတွေလို
မင်းဟာ ငါ့ရင်ထဲ ဝင်လိုက် ထွက်လိုက်လုပ်တယ် ။

သာမညအဓမ္မမှုတစ်ခုကို မုဒိမ်းမှုလို့ခေါ်ပြီး
ရွှေနန်းတော်ကအဓမ္မမှုကိုတော့ နန်းသိမ်းမှုလို့
ဥပဒေစာအုပ်ထဲ ရေးသွင်းထားသူတွေကြားမှာ
မင်းကို ငါဘယ်လို လက်ညှိုးထိုးပြရမလဲ
ငါဟာ အစွယ်ကျိုးနေတဲ့ ကျားဆိုးတစ်ကောင်လိုပဲ
ငါ့ယဉ်ကျေးမှုဟာ ဆုံးရှုံးသွားတဲ့
ငါ့အစွယ်တွေထဲမှာပဲရှိတယ် ။

မင်းဟာ လင်းတယ်
ပြီးတော့ ... စီးဆင်းနေသူဖြစ်တယ်
တနေ့မှာ မင်းအိမ်မက်တွေကိုနန်းသိမ်းဖို့
ငါ့ရင်ခွင်ကျေးလက်မှာ အင်အားစုဆောင်းနေတဲ့
ဧကရီလောင်းလိုပဲ
မင်းဟာ လင်းတယ်
ပြီးတော့ ... လျှို့ဝှက်မှုတွေနဲ့ပြည့်နေတယ် ။

တငွေ့ငွေ့လောင်နေတဲ့ စီးကရက်တလိပ်လို
တိတ်ဆိတ်စွာ ပြီးဆုံးသွားလေ့ရှိတဲ့
နတ်သမီးပုံပြင်တွေကို ငါယုံကြည်တယ်
မင်းဟာ 
တနေ့မှာ ငါမပိုင်ဆိုင်ရတောင်
အကုန်ပြန်ပေးလိုက်ရမယ့် သင်္ခါရတစ်ခုလိုပဲ
အကုန်ပြန်ပေးလိုက်ရမယ့် ကံကြမ္မာတရားလိုပဲ
ငါ့ကောင်းကင်တနံတလျားကို ...
ပိုင်ဆိုင်စီးမိုးထားရဲ့ ။


K သူ