ပကတိ ဆည်းဆာ
( အနာဂတ် )
နေဝင်သွားပြီး နောက်ထပ် ... ၊
ဘာတွေဆက်ဖြစ်လာဦးမှာလား
ငှက်တချို့ အိပ်တန်းမပြန်နိုင်ခဲ့ကြ
ပန်းပွင့်တချို့ ပြန်ငုံခွင့်မရလိုက်ကြ
အဝေး ............ မိုးကုပ်စက်ဝိုင်းဆီ
တိမ်တိုက်တချို့ မရောက်လိုက်ကြ ။
( ပစ္စုပ္ပန် )
လမ်းကလေးကို နှစ်သိမ့်လိုက်စမ်းမယ်
ငါတို့ ... နှစ်ယောက်မလာနိုင်တော့တာ
ခုံတန်းပြာကလေးကို သိပ်အားနာ
ငါတို့ ... နှစ်ယောက်အတူမနားခိုနိုင်တော့တာ
ကန်ရေပြင်ကြီးကိုလည်း ရှက်ရွံ့မိပါတယ်
ငါတို့် ... နှစ်ယောက်ရယ်သံတွေ ပစ်မချနိုင်တော့တာ
ကမ္ဘာမြေကြီးကိုလည်း မျက်နှာမပြဝံ့
ငါတို့ ... ကိုယ် ၊ စိတ်နှစ်ဖြာ ဝေး .................. ကွာ
( အတိတ် )
တစ်ယောက်နဲ့ တစ်ယောက်
မလုံလောက်လို့ နှစ်ယောက်ဖြစ်လာတော့
နေဝင်သွားတဲ့အခါ ၊ လမင်းသာလို့
ငှက်သံကျေးသံ စုံစုံလင်လင် ဝေဝေဆာဆာနဲ့
ပန်းကလေးတွေရဲ့မျက်နှာပေါ်စီးမိုးပြီး
တိမ်စိုင်တွေဝင်စားပြီး ငါတို့ပျံသန်းဖူးကြ
မိုးကုပ်စက်ဝိုင်းတစ်ခြမ်း အလွန် ။
( သံသရာ )
ဗြဟ္မစိုရ်တရား လေးပါး
နှုတ်ခမ်းမှာတင်ရှိသော မေတ္တာတရားအတု
မျက်ဝန်းမှာတင်ရှိသော ဂရုဏာတရားအတု
စံပယ်တင်အပြုံးမှာသာရှိသော မုဒိတာတရားအတု
ဘယ်တော့မှ အကောင်းအတိုင်းဖြစ်မလာနိုင်တဲ့
ဥပေက္ခာတရားစစ်စစ်
အဲဒီသစ္စာတရားမှာ ... မင်းကို ငါချစ်တယ် ။
K သူ
မပြိုင်သူကို နိုင်တော်မူပါ
မုန်းစကားထန် အမျက်တစကြောင့်
အရှုံးသမား အလံတစ်ဝက်ချလို့ ...၊
ကိုယ့် ...
နှလုံးသား အမြန် ဆက်သမည် ။
ရှစ်ကမ္ဘာ ကုန်ကာယွန်းစေတော့
ချစ်ကြမ္မာ နုံချာလွန်းသူမို့လည်း
တစ်ခွန်းတစ်စပင် အပြစ်ဆိုမမုန်း
အချစ်ခုံရုံး မတင်လိုပြီ ... ။
သူ့မေတ္တာချို့ယွင်းတဲ့
ဥပေက္ခာ မြို့တွင်းမှာ ၊
ကိုယ့်သတင်း သူ မကြားလို
ကိုယ့်အနား သူ မနေလိုသမျှ
အပူတွေ အပူတွေဆိုတာလည်း
မြူတစ္ဆေ မြူတွေလိုပါပဲ
နွေအသည်းလွှာထဲ မှုန်းချေပြီ
စုန်းကဝေသည် ကျိန်စာပေါ့
မုန်းမဟေသီ ... နှိမ်ပါနော့ ။
ဪ ...
ကိုယ်ချစ်သူ ၊ သူသာဖြစ်ပေမယ့်
သူ ချစ်သူ ၊ ကိုယ်မဖြစ်လေတဲ့
မေတ္တာစစ်ပွဲ သုံးပွင့်ဆိုင်မှာ
နှလုံးလွင့်ယိုင်ပြီမို့ ...
အပြုံးဆင့်လှိုင် , အပူမြို့ထဲ
သုံးပွင့်မဆိုင် သူတို့ပဲနိုင်ပါစေ
သူတို့ပဲ နိုင်ပါစေ
သူတို့ပဲ နိုင်ပါစေလေ - လို့
မပြိုင်သာ မျက်ရည်နဲ့တပ်ခေါက်ရင်း
မပိုင်သာ သက်ဝေရဲ့မျက်မှောက်တွင်း
(အသည်းကြွေ သက်ရောက်ဆင်းမှ)
ဖြတ်လျှောက်နင်းတော့
ဖြတ် လျှောက် နင်း လော့ ... ။
မင်းခသူ
စေတန်ဟောကြားတဲ့ တရား
အရူးတွေက အရိုးတွေကို ပုလွေလုပ်ပြီး
မြွေတွေကို နေ့စဉ် မှုတ်ပြဖျော်ဖြေတယ်
ကြောင်နေတဲ့ ကြောင်တွေကြည့်ရင်တော့
ဒါဟာ ကြောင်ကောင်း ကြောင်နေလိမ့်မယ်
မြင်ကွင်းမှာဝါးနေတဲ့ ဝါးပင်တွေလှုပ်လီလှုပ်လဲ့
သဘာဝကို သဘာဝကျကျတင်ဆက်လို့
ကြောက်ရွံ့နေတဲ့ ကျောက်တုံးတွေကိုပြောတယ်
နာလိုခံခက်တရားတွေကို နာလော့ ...
မျက်လုံးတွေက နားတွေဖြစ်လာပြီး
အဲဒီမျက်လုံးတွေကပဲ စကားပြောလိမ့်မယ်
မြို့တမြို့လုံး ၊ မျိုချပစ်လိုက်
မြုပ်နေတာကို မမျှားနဲ့တော့
တစ်ယောက်တည်း တယောထိုးနေတဲ့
တစ်ယောက်ယောက်ကို တွေ့တဲ့အခါ
မင်း ... မီးတောက်တွေကိုတွေ့သလားလို့ မေးပါ
လူတစ်ယောက် မလင်းအောင် ဖန်ဆင်းသူ
ဘုရားသခင်
ပန်းတွေနဲ့ ပူဇော်ရင် ၊ အဲဒါ အပြစ်ပဲ ။
K သူ
စေတန်ပြောသွားတဲ့ ပုံပြင်
အစိမ်းရွက်တွေ စိမ်းစိုနေအောင်မိုးထားတဲ့
ငါ့ရဲ့ ငွေရောင်တယ်လီပယ်သီကြိုးကို ဖြတ်ပါ
ဟိုရှေးရှေးတုန်းက လူတစ်ယောက်ရှိခဲ့ဖူးတယ်
ဆာဟာရမှာ Lavender ပန်းတွေ သွားစိုက်တဲ့
သားရဲတွင်းထဲကို လီလီတစ်ပွင့်နဲ့ ခုန်ဆင်းသွားတဲ့
အတ္တလန္တာကို စက္ကူလှေကလေးစီးနှင်သွားတဲ့
နေကြာပွင့်တွေ အိမ်မက်ထဲ ထည့်စိုက်ပျိုးထားတဲ့
ကမ္ဘာဖျက်မိုးကို ခေါက်ထီးရိုးလေးနဲ့ဆောင်းထားတဲ့
မုသားကို သစ္စာတရားနဲ့စောင့်စားနေတဲ့
ဆင်ခြင်တုံတရားတွေအကုန် ကျိုးကြေနေတဲ့
အရာအားလုံးရဲ့ ပညတ်ချက်အရေခွံ ကွာကျနေတဲ့
ကဗျာရေးသူတစ်ဦး ... ။
K သူ
ခရမ်း​ရောင်​လွင်​ပြင်​​ပေါ်က ခရမ်းပြာသမင်​ရိုင်း
၁ ။
ကိုယ့်​ရင်​အစုံ​ပေါ် ​ခြေ​တော်​တင်​ပြီးမှ
ကြယ်​​တွေဆီ မ​ရောက်​​ရောက်​​အောင်​သွားနိုင်​တဲ့အခါ
ကိုယ့် ​​နာမည်​ကို သတိမရရင်​​တောင်
ဟောဒီ​ကောင်​ရဲ့ က​ဗျာ​တွေ​တော့ ရွတ်​ပါ ။
ဒါ ... နိဒါန်းဖြစ်​သလို ၊ က​ဝေပျိုအတွက်
နိဂုံးတစ်​ရွက်​လည်း ဖြစ်​သွားနိုင်ပါလိမ့်​မယ်​ ။
ဘာပဲဖြစ်​ဖြစ်​​ပေါ့ ...
ပင့်​သက်​ရှည်​ရှည်​ ၊ က​ဗျာရှည်​ရှည်​နဲ့
သံသရာရှည်​​နေတဲ့ လကွယ်​တိမ်​တိုက်​ထဲ
ကိုယ်​ ... ​ပြေးပုန်းရဲပါပြီ ။
တောင်​သမန်​ရဲ့ မယ်​ဇယ်​ပင်​တန်းမှသည်
ဟိုး နဂါး​ငွေ့တန်းဂလက်​ဆီ​တွေအထိ ....
ချစ်​သူကိုသတိရ​ကြောင်းလည်း ​ဆွေးသီတတ်​ခဲ့ပါပြီ ။
တစ်​စုံတစ်​​ယောက်​အ​ကြောင်းကို
တစ်​​ယောက်​တည်း ​ခေါင်းခါ​တွေး​တောရတာ
တစ်​ခါတစ်​ရံ ... ​နွေ​နှောင်းဆန်​သွားတတ်​ရဲ့ ။
ပူပြင်း အုံ့သည်း​နေတဲ့ ၊ ​နေသားတကျ ​လောကဓံရင်​ဘတ်​နဲ့
နေပူ မိုးရွာ ... ပဉ္စလက်​ နှစ်​ဆယ့်​​လေးနာရီများ
မရှိ​တော့ပြီဖြစ်​တဲ့​ခြေသံများ ... ကိုယ်​ကြား​တယ်​ ။
၂ ။
ကိုယ်​ ဆုမွန်​​ကောင်း​တောင်း​ပေးလိုက်​ပါတယ်
ခရမ်းပြာ မျက်​ဝန်း​လေးရယ်​ ... ။
ညင်းသွဲ့​လေပြည်​ ၊ ကမ္ဘာ​မြေ ခင်​တန်း
ကိုယ်​မပန်​ဖူး​သော မဉ္ဇူသကပန်းက​လေး
မွှေးပါ​စေသား ။
သံတစ်​လမ်း ၊ ပြဒါးတစ်​လမ်း​တွေဆီ
မရွယ်​ရည်​ဘဲ ​ရောက်​သွားတဲ့အခါ 
ကောင်းကင်​မှာ ၊ ကိုယ့်​ဓူဝံကြယ်​ပြာ
မရှိ ...
စိမ့်​စီးစမ်း​ချောင်းတို့မှာ ၊ ငြိမ့်​​ညောင်းတ​ယောသံ
မရှိ ...
အဖြူ​ရောင်​နှင့်​ ညစ်​ညမ်းတဲ့ 
တိမ်​​တွေရဲ့ သင်္ခါရလမ်းခွဲ ၊ ဘယ်​သူဝမ်းနည်းသလဲ ။
ကိုယ်​ သီဆို ငို​ကြွေးမိပါတယ်
အ​ဝေး ခရမ်းပြာမျက်​ဝန်း​လေးရယ်​ ။
ဟောဒီ အထီးကျန်​ခြင်းအတွက်
ခေတ်​အဆက်​ဆက်​ရွာချ​နေမယ့်​ မိုးခါး​ရေ
အချစ်​ရှုံးသမားအဖို့ ဝတ်​ရည်​လည်းဖြစ်​ပါ​စေ
ခ​ရောင်းတစ်​ပွင့်​ချင်းဆီ အ​ရောက်​သွားတဲ့
မုတ်​သုန်​တို့သည်​လည်း ချမ်း​မြေ့ကြပါ​စေ ။
၃ ။
မင်းကြားမယ်​ဆိုရင်​​တော့
ကိုယ်​ဟာ တပါးသူအတွက်​မြည်​ဟည်းမယ့်
ဆည်းလည်းသံမ​ဟုတ်​​ကြောင်း ​ပြောပြချင်​ပါတယ်​ ။
အလွမ်းမြို့ရဲ့ 
ရာဇဝတ်​သား၏ ​ကောင်းကင်
သံ​ယောဇဉ်​နဲ့ ချစ်​သူကြည်​လင်​​စေလှဲ့ကွယ်​ ။
ချစ်​သူ့နာမည်​ကို လက်​ဖဝါးမှာ​ရေးထိုးလို့
မျက်​ရည်​တစ်​ပြိုက်​နှစ်​ပြိုက်​နဲ့ နမ်းရှိုက်​ရတာ
ခိုက်​ခိုက်​တုန်​လွန်းလှတယ်​ ...
လသာခြင်း ၊ ကြယ်​​ကြွေခြင်းကင်းတဲ့
ကိုယ့်​ရဲ့ ​သောကသီချင်းဆန်​​သောညမှာ​ပေါ့
ကံ့​ကော်​​တွေရဲ့ ရနံ့​ပေါ်
လက်​ထိုး​လှော်​ခတ်​ ၊ ဘုံကြိုးပြတ်​​သော လ
ဘယ်​အနန္တမှာ ရှာရမလဲ
ကိုယ်​ မ​ဆွေးရဲဘူးကွယ်​ ။
ပစ္စက္ခအိပ်​မက်​များနဲ့ ​ခြောက်​ခြားစရာလှ​နေတဲ့
ညကို အဘယ်​က​ဝေပျို ဖန်​ဆင်းခဲ့သလဲ ... 
စိမ်းလဲ့မှုန်​ပြာ ၊ စုံနံ့သာပတ်​ပျိုး ၊ ပင့်​သက်​ခိုးမျှင်
သခင်​လည်း မ​ကြေကွဲတတ်​ပါ​စေနဲ့ ။
၎ ။
ကိုယ်​က​တော့ အလွမ်းရဲ့ သိင်္ဂါရီစစ်​တလင်းမှာ
အဖန်​ဆင်းခံထားရ​သော သုံ့ပန်းပါ အချစ်​ရယ်​ ။
နေလိုရှိခိုး ၊ လလိုရှိခိုး ၊ မြတ်​နိုးမိ​သော မိန်းမပျို​ရေ
စိမ်းညို့​နေတဲ့ အဲဒီခ​ရေရွက်​​တွေကို​တော့ မနင်းလိုက်​ပါနဲ့
ဂျက်​ဆင်​ထိပ်​က အတိတ်​​မေ့​နေ​သော လရိပ်​က​လေးကိုလည်း
မခူးလိုက်​ပါနဲ့
ကြယ်​စင်​အိပ်​စက်​ ၊ အဆိပ်​တက်​​နေတဲ့ ညက​လေးကိုလည်း
ကြက်​​ခြေမခတ်​လိုက်​ပါနဲ့ 
သူလို ကိုယ်​လို ၊ ​ကောင်းကင်​အိုဖြတ်​နင်း
မင်း ... ဆိုချင်​တဲ့သီချင်းကို ၊ ဆိုပါ ။
နဂါး​ငွေ့တန်း ၊ ပျားရည်​လမ်းခွဲ
နှင်းဆီဓားစက်​​ပေါ် လဲ​လျောင်းဦးခိုက်
ကိုယ့်​ပါးပြင်​သို့ ဓား​တွေစိုက်​ကျလာ
ကြည်​ဖြူမိပါရဲ့ ။
အ​ငွေ့တ​ထောင်း​ထောင်းနဲ့ မျက်​ရည်​​ချောင်းမှာ
ကျောင်း​တော်​ရာဟာလည်း သူ့ကိုတမ်းတပြီ တဲ့ ။
နွေနဲ့ မိုးနဲ့ အံဝင်​ခွင်​မကျ​သော ​ဆောင်း
နှင်းမှုန်​ နှင်းစက်​တို့​ဆောင်းရင်း ၊ ခရီးပြင်းနှင်
ခြေကျင်းသံတလွင်လွင်​သာ ကျန်​ခဲ့ပြီ ။
လောကဓံရှစ်​ပါးမှာ ​မေတ္တာတရားနဲ့ ငြိမ်းချမ်းပါ​စေ
ဆယ့်​တစ်​ပါး​သော မီး ၊ ချစ်​သူ့လမ်းခွဲခရီးမှာ ပန်းဖြစ်​ပါ​စေ
ကိုယ်​ ဆု​တောင်းပါတယ်​ ခရမ်းပြာမျက်​ဝန်း​လေးရယ်​ ။
၅ ။
လွမ်းရည်​စက်​လက်​ အဲဒီရှု​မျှော်​ခင်းတစ်​ဖက်​ကမ်း
နေဝင်​သွားပုံတိုင်း တစ်​သက်​လွမ်းစရာ​ကောင်းတယ်​ ။
မျက်​ရည်​ပိုးပိုး​ပေါက်​​ပေါက်​နဲ့ ...
ရွှေအို​ရောင်​​တောက်​​နေတဲ့ ဆည်းဆာဟာ
မီးခဲပြာဖုံး ရှုံးသမားကို ​ပွေ့ပိုက်​ ...
မကြာခင်​ ...
အ​မှောင်​ကို နမ်းရှိုက်​လိုက်​​တော့တယ်​ ။
သူမချစ်​ပဲ ... လူဖြစ်​ရတာ နာတယ်​လို့ 
ကိုယ့်​ရင်​ဘတ်​ကိုဖိပြီး ကြယ်​​တွေကို​ပြောပြရတာ
ရှက်​လိုက်​တာကွယ်​ ။
ခရမ်း​ရောင်​တဖိတ်ဖိတ်​လက်​​နေဲ့ အိပ်​မက်​​လေးကို
အဘယ်​နတ်​ပျို ပြန်​​ပေးချင်​သလဲ ။
ဂစ်​တာတစ်​လက်​​ပေါ်က ကြိုး​တွေလိုလည်း
သံတူ​ကြောင်းကွဲ မ​ဝေးရဲဘူးကွဲ့
ရင်​ဘတ်​ကိုစည်​တီးပြီး ​ကောင်းကင်​လိုပြာလွင်​ထစ်​ချုန်း
ငိုချင်းရှည်​သူအတွက်​ မိုးစုန်းစုန်းချုပ်​ဖို့ခက်​လှတယ်
အထီးကျန်​ကမ္ဘာဆိုတာ
ခေါင်း​လောင်းသံတလွင်လွင်​နဲ့ တစပြင်​ ခင်​တန်းက​လေးပါပဲ ။
တခါတ​လေ မမြင်​မစမ်းနဲ့ လွမ်းရတာ
ကမ္ဘာမှာမပွင့်​​​တော့တဲ့ပန်းကို နမ်းရသလို
မချိုဘူးကွယ်​ ။
အဲဒီလိုနဲ့ ....
လေးညို့ဆွဲလို့ ထွက်​ခဲ့​သော စစ်​သည်
အလင်း အ​မှောင်​မှာ သား​ကောင်​ဖြစ်​ခဲ့ပါပြီ
နေခြည်​နဲ့ပြည့်​နှက်​​နေတဲ့ အိပ်​မက်​​ကျောင်း​တော်
အ​ဖော်​ရှိရင်​ ​ကောင်းမယ်
လကွယ်​​ပေမယ့်​ ​နေထွက်​မလာတဲ့ ​ဆောင်း​နေ့မှာလည်း
ခု​တော့ သီချင်းတဝက်​တပျက်​နဲ့ နှင်းစက်​လက်​ညများ
အဘယ်​နတ်​ဘုရား ဖန်​ဆင်းပစ်​ခဲ့လဲ ။
ရင်​ထဲ ...
ညတာရှည်​လိုက်​တာ ချစ်​​သောခရမ်းပြာမျက်​ဝန်း​လေးရယ်​ ။
၆ ။
ကိုယ်​တစ်​​​ယောက်​တည်း ​ကြေကွဲရတဲ့အခါ
ဆောက်​တည်​စရာ အဘိဓမ္မာမကျန်​​တော့
ဘုရားသခင်​ကိုလည်း ပုန်​ကန်​လိုက်​ချင်​တယ်​ ။
အဖြူအမည်း​ကျောင်းမှာ ...
သူရဲ​ကောင်းဟာ ရင်​ဘတ်​​ဟောင်း​လောင်းနဲ့
ဝိုးဝါးကျန်​ခဲ့ပြီ ။
ဆိတ်​ကွယ်​ရာအရပ်မှာပင်​ မ​မေ့ရဲသူကို
မိုက်​ရူးရဲလို့ အမည်​တပ်​ ၊ ကိုယ်​က​တော့ ​နေတတ်​ခဲ့ပြီ
ပ​ဝေသဏီကစ အနာဂတ်​အထိ
ရွတ်​ဖတ်​​နေဦးမယ့်​ ချစ်​သူ့နာမည်
စိတ်​မှာ​ရေးထိုးထားတဲ့ ​သွေး​ရေးပန်းချီကား​ပေါ့ ။
မုန်​တိုင်းထန်​ပြီး​ရင်ေ​​တာ့ ​လေပြည်​​နှော့ဦးမလားဟင်​ လို့
တချို့​ဗေဒင်​ဆရာ​တွေကို ​မေးစမ်းကြည့်​တဲ့အခါ
ကိုယ့်​ရင်​ကို​နှောင်​တည်းထားတဲ့ ​လောင်​မီးကိုမငြှိမ်းရက်​လိုဘူး
ဘယ်​အက္ခရာနဲ့မှ မှုန်းမထားတဲ့
အရှုံးဆုံးနက္ခတ်​တာရာ ၊ စကြ၀ဠာကအစ
ကျောခိုင်းခံရတယ်
သင်းကွဲတယ်​ဆိုလည်း ဘာဖြစ်​သလဲ 
ငရဲပန်း​ကိုမှ ...
စွဲလမ်းလှတဲ့​ကောင်
မီး​လှောင်​အိမ်​မှာ ငြိမ်းချမ်းရ​စေသား ။
အပင်​မြင့်​မှာပွင့်​လည်း
မြေသင့်​ရတာပါပဲ ခရမ်းပြာမျက်​ဝန်း​လေးရယ်
ဒီလိုပါပဲ ... ခရမ်း​ရောင်​လွင်​ပြင်​​ထက်​က
လက်​ဖဝါးနဲ့ကွယ်​ဝှက်​ထားတဲ့
အေးစက်​တုန်​ရီ .... မျက်​ရည်​ဆုမွန်​စကား 
ဘုရားသခင်​ကြား​စေသား ။
အ​ရေပြားတစ်​ထပ်​ချင်းအတူတူ
သောကနဲ့ပိုပူရတဲ့လူဟာ ကိုယ်​ပါ ။
ဘဝဟာ ...
နွေ မိုး ​ဆောင်း တို့ဆီက ထွက်​​ပြေးလာ​သော
သွေးပျက်​စရာလည်း​ကောင်းတဲ့ ဟာသ​ပေါ့ ။
က​ဗျာ​နေ့မှာ ...
တခါ​မေ့ရင်​ ငါသည်​ ​မီး​လောင်​ပြင်​ဖြစ်​​စေ
ငါ့သစ္စာတရားနဲ့ လင်းပ​မွှေးမြတဲ့ လဝန်းတို့ 
ချစ်​သူ့စကားတစ်​ခွန်းကို ရုတ်​သိမ်း​စေကြပါ
ငါ့က​ဗျာအား ချစ်​သူ့​ရွှေနား​တော်​သွင်း​ကြပါ
ရှိုက်​ကြီးတငင်​ဆိုတတ်​တဲ့ ...
ဟောဒီ​ကောင်​ရဲ့​တေးသံစဉ်​ကိုလည်း ​ဆောင်​ယူပါ
ဘာပဲဖြစ်​ဖြစ်​​ပေါ့
ဘဝဟာ ပုဒ်​မချ​ကောင်းတဲ့အရာ
မဟုတ်​ဘူးဆိုတာ ချစ်​သူသိစမ်းပါကွယ်​ ။
၇ ။
အို ... ဝတ်​မှုန်​ငဲ့
ရနံ့စွတ်​စိုရုံ ၊ ကိုယ့်​ရင်​ခွင်​​ငွေ့ကိုလှုံပါ
တ​နေ့မှာ ...
ကိုယ်​​သေဆုံးသွားခဲ့လို့ရှိရင်
ခရမ်း​ရောင်​လွင်​ပြင်​မှာ ၊ ကိုယ့်​နာမည်​ကိုမြှုပ်​နှံပါ ။
မြားတန်းလန်းနဲ့ ​ညောင်​ပင်​နားမိ​သောငှက်​အတွက်
လက်​ဝါးကပ်​တိုင်​​တွေ ၊ ဓမ္မ​တေး​တွေ ဆိုစရာ မလိုပါဘူး
လ​ရောင်​ဦးမှာ ....
ဘယ်​နံပတ်​မှမတပ်​ဘူးဆိုတာလည်း ယုံပါ ။
ရာဇဝင်​​ကျော်​တို့ ...
လည်​ပြန်​တူး​ဖော်​ကြတဲ့ ခပ်​ကျဲကျဲဒဏ္ဍာရီထဲ
တစ်​​ထောင့်​တစ်​ညမက​သော ပုံပြင်​ကိုလည်း
စောင်းကြိုးခတ်​​စေချင်​တယ်​ ။
ကျောက်​သားဝိဉာဉ်​ ၊ ခရမ်း​ရောင်​လွင်​ပြင်​ရိုင်း
ချစ်​သူဘွဲ့သီကျူးလို့ ထင်​ရာစိုင်း​နေရဦးမယ်​ ။
မင်းဖြတ်​သန်းခဲ့​သော စာမျက်​နှာများကိုလှန်​ကြည့်​တဲ့အခါ
ကိုယ်​ဟာ ... 
ကမ္ဘာ​မြေမှာ ....
သာမည အမ်​တမ်​တစ်​ပွင့်​အဖြစ်​ လွင့်​​မျောပစ်​ရတာ
တန်​ပါတယ်​ ။
ကိုယ့်​ရင်​ဘတ်​​ထဲက ...
တဆတ်​ဆတ်​တုန်​ရီ​နေတဲ့ အရှုံး (သို့မဟုတ်​) နှလုံးသားကို​တော့
ရင်​ခွဲသူတို့ မြင်​ရဲကြပါ​စေ
နေဝါရီသစ်​ရွက်​​ခြောက်​က​လေး 
ကိုယ့်​သမိုင်းကိုယ်​ ​ရေးခဲ့ရာ
က​ဗျာတစ်​ပုဒ်​ ၊ နှင်းတစ်​ဆုပ်​သာ ဆာ​လောင်​ခဲ့​ကြောင်း
ဘယ်​​ဆောင်းကိုမှလည်း ​ပြောမပြဖြစ်​ဘူးကွယ်​ ။
အို ...
ချစ်​သူပြုသမျှ နုရရှာတဲ့
သူရဲ​ကောင်းဆို​သော သတ္တဝါတို့ 
သုံးဆယ့်​တစ်​ဘုံမှာ ၊ လွမ်းခွင့်​မကြုံတဲ့ဘဝမျိုး
ပိုင်​ဆိုင်​စီးမိုးကြပါ​စေသား ...။
မင်းခသူ
မန္တလေးကဗျာစု
မန္တလေးကဗျာ ( ၁)
မန္တလေးတောင်ကြီးက
မန်းတက်နေတဲ့ မန္တလေးနေ့တွေကို
နေ့စဉ်နဲ့အမျှ ငုံ့ငုံ့ကြည့် ။
ကျုံးကိုခါးပတ်ပတ်ထားတဲ့ နန်းတော်ကြီးက
မန္တလေးတောင်ကြီးကို
မျက်ရည်စတွေနဲ့ မော့မော့ကြည့် ။
ဘာသာစကားစစ်စစ်တွေ
တေးသီချင်းစစ်စစ်တွေ
လဖက်ရည်စစ်တွေ ရှားပါးလာတဲ့ မန္တလာ
ထာဝရဘုရားသခင်စောင့်ရှောက်တော်မူပါ
........ အာမင် ။
မန္တလေးကဗျာ ( ၂)
တောင်သမန်ဆည်းဆာတစ်ခုဆီက
လိမ္မော်သီးတစ်လုံးကို ငါ ရတယ်....။
စိန်ပန်းတွေအန်ချထားတဲ့ လမ်းပေါ်
မန္တလေးတောင်တော်ဘက်ကိုလက်အုပ်ချီရင်း
ဝါးရွက်စိမ်းနံ့သင်းတဲ့ မြနန္ဒာအစစ်ကိုတွေ့တယ်။
ငုဝါပွင့်တယ်
ပိတောက်ပွင့်တယ်
ခရေတွေလည်း ပွင့်တယ် ။
ဒီမြို့မှာ ...
ကဗျာဆရာတွေ ပွင့်တယ် ။
မန္တလေးကဗျာ ( ၃ )
ခရေနံ့တွေ ပြေးပုန်းခဲ့ရာမြို့ ။
အဝေးဆုံးကကြည့်ရင်တောင်
အနီးဆုံးကိုရောက်ရောက်လာတဲ့မြို့ ။
အဲဒီမြို့ဟာ 
ယဉ်ကျေးမှုပေါင်းစုံ ခံတွင်းထဲငုံလို့
နန်းတော်ကြီးကို ရင်ဘတ်ပေါ်တင်လို့
သွေးကြောတိုင်းမှာ ကျုံးရေတွေစီးလို့ 
ဧရာဝတီကို ဖားလျားချထား
မြပေါ်မှာ ရွှေရောင်သရဖူတပ်ထားတဲ့
ဦးထုပ်လှလှတစ်လုံးဆောင်းထားတယ် ။
ဒီမြို့ကပြန်ရင်တော့ 
ခင်ဗျားနှလုံးသားကို ကြိုးတုပ်ပြီးခေါ်သွား ။
မန္တလေးကဗျာ ( ၄ )
ဟေ့ လူဖြူဖြူ သတ္တ၀ါတွေ
ငါ့ မြေပေါ်နင်းပါ
ငါ့ အရေခွံမခွာနဲ့ ။
ငါ့ ရေကိုသောက်
ငါ့ ရင်ကိုမနှောက်ပါနဲ့ ။
ငါ့ အသီးကိုစား
ငါ့ အသားကိုစားဖို့မကြိုးစားနဲ့ ။
ငါ့ ရင်ကိုဖွင့်
မီးပွင့်သွားမယ် ၊ ဘာမှတ်သလဲ ။
မန္တလေးကဗျာ ( ၅ )
ရွှေခြေကျင်းသံတွေမရှိတော့ဘူး
စက်ဘီးမယ်လေးတွေ မရှိသလောက်ရှား
ငါ့အမေက ငါ့ကိုစိမ်းကားနေသလိုလို
ဘာသာစကားစိမ်းစိမ်းတွေ ပစ်တင်ထားတယ်
အရေပြားတွေဟာ ဖြူသလောက်ညစ်ထေးတယ်
ဒီအပြုံးတွေကို ငါဘာသာမပြန်တတ်ဘူး
ဟောင်ကောင်ကို ရောက်သွားသလိုလို ၊
ကြားနေကျတေးသံတွေလည်း မချိုတော့
ဆုတောင်းစကား
ကြေးရုပ်ကြီးတွေ လုံးပါး ပါးလာ ။
ခရေလမ်း
စိန်ပန်းကြွေနဲ့
နီရင့်ရင့် ကျုံးမြို့ရိုး
ဟိုးတုန်းက မြနန္ဒာ
ရွှေခြေကျင်းသံစစ်စစ်ကို ငါလိုက်ရှာမယ် ။
မန္တလေးကဗျာ ( ၆ )
ဂစ်တာသံတွေ နားထောင်တတ်တဲ့ မန္တလေး
ငြိမ်းချမ်းရေးနဲ့ အိပ်တယ် ။
အသား အရောင် ၊ ဘာသာစကား ၊ မခွဲခြား
ဗြဟ္မစိုရ်တရားနဲ့ နေတယ် ။
ပူတယ် ၊ အေးတယ် 
ဒါပေမယ့် နွေးတယ် ။
ဗျာဒိတ်တော်လာမြို့ 
ရာဇဝင်ထဲက ငါတို့ အမေ ။
မ န္တ လေး က ဗျာ ( ၇)
ရေညိုညို ကျုံးတော်ကိုလည်း
အင်္ကျီတထည်လိုခပ်တည်တည်ပဲကောက်စွပ်ခဲ့
သူ့ရဲ့နောက်ကျောမှာ ...
ဧရာဝတီကို လွယ်ပိုးထားခဲ့
ခင်ဗျား သွားကြည့်လိုက်ပါ
အဲဒီမြို့ကလေးရဲ့ဆည်းဆာတွေဟာ
အပျိုလေးရဲ့ ဣနြေ္ဒ သိက္ခာအပြည့် နဲ့
ရှက်သွေးဖြာပြနေမယ်ဆိုတာ ....
ခင်ဗျား သွားကြည့်လိုက်ပါ
အဲဒီမြို့လေးရဲ့ မနက်ခင်းတွေဟာ
ကလေးငယ်တယောက်လို သမ်းဝေပြီး
အိပ်မှုန်စုံမွှား ထလာလိမ့်မယ်ဆိုတာ ....
ပြီးတော့ ...
ကိုယ်ပိုင်ဝင်ရိုးစွန်းမှာ ချိတ်ငြိ
ကိုယ်ပိုင် ဗဟိုမှာလည်ပတ်နေတဲ့မြို့
ဒီအကြောင်းကို .....
ဈေးချိုတော်အနီးက နာရီစင်ကြီးက
သက်သေတစ်ချို့နဲ့ လက်ညှိုးထိုးပြလိမ့်မယ် ။
လဖက်ရည်နံ့တွေ တလက်လက်သင်းနေတဲ့မြို့
မြနန္ဒာတေးသွားတွေနဲ့ တုန်ခါနေတဲ့ မြို့
စက်ဘီးနဲ့ ဆိုင်ကယ်တွေ ကျင်လည်ရာမြို့
အဲဒီမြို့မှာ 
ဘယ်တော့မှ ပျောက်ဆုံးမသွားတဲ့ 
အနုပညာတစ်ချို့ ရှိတယ် ။
တစ်မိုင်ကျော်ကျော်လောက်ရှည်လျားတဲ့
သူ့ရဲ့လက်မောင်းပေါ်မှာ ခင်ဗျားလျှောက်ဖူးလား
ရေစိမ်းနံ့နဲ့ ဗေဒါရနံ့တွေရောထွေးကူးလူးနေတဲ့
လေပြေ ဆိုတဲ့ ဥတ္တရမိန်းမလှလေးတွေဟာ .....
ခင်ဗျားရဲ့ ကိုယ်ခန္ဓာကို ပွတ်သီးပွတ်သပ်လုပ်ကြမယ်
ပြီးတော့ ..... 
ခိုးခိုးခစ်ခစ်ရယ်သံပေးပြီး ပြေးသွားကြမယ်
ပြီးတော့ .....
တစ်စုံတစ်ရာကိုလွမ်းမိသွားသလိုမျိုး ခင်ဗျားလည်း
ငေးမောကျန်နေခဲ့ရမယ် 
အဲဒါ ....... မန္တလေးရဲ့မာယာပဲ ။
ဆက်သွားလိုက်ပါ ....
စိမ်းညို့နေတဲ့ အရပ်ရှည်ရှည်ထန်းတောထဲက
ပင်ကျရည်ရယ် ၊ ကြွက်ကြော်ရယ် ၊ ငါးကင်ရယ်
ခင်ဗျားရဲ့ ဘဝအမောတွေအရည်ဖျော်ချ .....
ထန်းရွက်မိုးတဲငယ်လေးမှာ တစ်ရေးအိပ် ....
ခဏလောက်ဖြစ်ဖြစ် ချွေးသိပ်လိုက်ပေါ့ ။
မြည်းစမ်းကြည့်ပါ ....
နီယွန်မီးရောင်အောက်က သူ့အလှတရား
လင်းနို့တကောင်ရဲ့ခွန်အားနဲ့ စူးရဲ လို့
သူ့ရဲ့ အနုပညာညကိုအမြဲညှစ်ချနေပြီး
လှသထက် လှအောင် ဟန်ကြီးနေတဲ့ မြို့ 
သူ့ရဲ့ ညဝတ်အင်္ကျီမှာ ကာလာမီးပွင့်တွေတပ်ဆင်
နေ့တဒူဝ အလှပြင်နေတဲ့ မြို့
ခင်ဗျားတို့တွေ့နိုင်တယ် ...... ။
ရွှေရောင်တဝင်းဝင်းတောက်နေတဲ့ ဘုရားတွေ
ပတ္တမြားကို ခြုံလွှားထားတဲ့ ရဟန်းသံဃာတွေ
အနီမှိုင်းမှိုင်း နန်းတော်တံတိုင်းကြီးတွေ ပိုင်စိုး
ပြီးတော့ .... 
 ဂစ်တာသံတွေနဲ့ အိပ်မောကျတတ်တဲ့မြို့
ကဗျာဆရာတွေ ရှင်ပြန်ထမြောက်ရာမြို့ ဖြစ်တယ် ။
လမ်းမှာ စက်ဘီးစီးလာတဲ့ကောင်မလေး
ခင်ဗျားက ဟိုဟို ဒီဒီစကားလိုက်ပြော... သူမက
လောကဝတ်စကားတွေ ရေပက်မဝင်အောင်ပြော
ခင်ဗျားက ပါးစပ်ဟပြဲကြီးနဲ့ကျန်ခဲ့
ကောင်မလေးက ပြုံးပြနှုတ်ဆက် 
ထွက်သွား
အဲဒါ ...... နန်းသူ မန်းသူ လွမ်းစေသူဖြစ်တယ် ။
အဲဒီလို ..... အဲဒီလို
အနုပညာမျိုးစုံကို ဝတ်ဆင်ထားတဲ့ မြို့
မာနတရားဟာ ဘာများလဲလို့မေးတဲ့ မြို့
ရေညိုညိုလွှားပြီး မေညိုညိုများတဲ့ မြို့
တက္ကသိုလ်အလွမ်းဇာတ်တွေ သန္ဓေတည်ရာမြို့
စိန်ပန်းကြွေတွေနဲ့ နှုတ်ခမ်းနီဆိုးထားတဲ့ မြို့
ခင်ဗျားပြန်တဲ့အခါ ....
မျက်ရည်မကျရအောင်
အဲဒီမြို့ကို လွယ်အိတ်ထဲ ထည့်ယူသွား
..... ဟုတ်လား....... ။ ။
မန္တလေးကဗျာ ( ၈ )
အနုပညာစစ်စစ်တွေ ပဋိသန္ဓေတည်ရာ
မြနန္ဒာ ။
သူငိုချလိုက်တဲ့မျက်ရည်ဟာ တေးသီချင်း
သူရယ်မောပျော်ရွှင်ခြင်းဟာ အလင်္ကာ...
ဘုရားမပွင့်ပေမယ့် ကဗျာဆရာတွေပွင့်တဲ့နေရာ
..... မြနန္ဒာ ။
ညိုသော အပျိုချောတွေ သိပ်ပေါ
ယဉ်ကျေးမှုအနှစ်တွေ သိပ်ပေါ
စိန်ပန်းတောဟာ ကဗျာ
ခရေတောဟာ ကဗျာ
ထန်းတောညိုညိုကြီးဟာ ကဗျာ
သူ့နှလုံးသားထဲက ဖိတ်စင်ယိုစီး
သူ့ရဲ့ အနုပညာသံစဉ်ကီးဟာ 
ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံးဖြစ်တယ် ။
မန္တလေးကဗျာ ( ၉ )
ဖြစ်နိုင်မယ်ဆိုရင်
ရတနာပုံခေတ်ကို ပြန်ခိုးယူချင်ရဲ့ ။
အခုတော့ .... 
အတင်းအဓမ္မသင်ကြားခံလိုက်ရတဲ့
ဘာသာစကားတွေ ငါနားမလည် ...
ဒီလိုပါပဲ ငါ့စကားတွေလည်း သူနားမလည်
ဒါပေမယ့် သူတို့က လည်တယ် 
သူတို့ကြားမှာ ငါတို့်ကလည်နေတယ် ။
လည်ချောင်းထဲကထွေးထုတ်ခံရသလိုလို
လည်ပင်းကိုအတင်းညှစ်ခံလိုက်ရသလိုလို
ကျောတစ်ခင်းစာလေးတောင် မပိုတော့ ...
သူလို ကိုယ်လိုအသက်ရှုကြပ်မှုတွေနဲ့ပဲ
တောက်တစ်ချက် ပြင်းပြင်းခေါက်နေကြရုံ ။
မင်းခသူ
ေ ဝ း
ခင့်ရင်ခွင် ရွှေပြည်တော်သည်
မျှော်ရည်တိုင်း ... ဝေး ။
မိုးကောင်းကင်
ပင်လယ်ပြင် ကျော်ဖြတ်နိုင်ပေမယ့်
အခေါ်ခက်သူ စိမ်းသောအကြည့်မှာ
ကျွမ်းမြည့်လှိုက်ဆွေး ။
မင်းခသူ
စောင်းကြိုးပြတ်ကို နှိုးခတ်ခြင်း
တစ်ယောက်တည်းဆိုတာ သေချာပါတယ် ၊
တခါတလေ ၊ ကိုယ့်​ကိုယ်​ကို မှန်ထဲကြည့်ပြီး
" မင်း ဘယ်သူလဲ " လို့ မေးမယ်
" ငါ ဘယ်သူဖြစ်ကြောင်း " ပြောမယ် ။
ကိုယ့်ဘဝကိုယ် အဓိပ္ပါယ်ဖွင့်ဆိုရတာဟာ
ကိုယ့်ရင်ဘတ်ကို ဆွဲဖွင့်နေတာနဲ့ အတူတူပါပဲ
နာကျင်တဲ့အခါ ၊
သူ့နာမည်ပေးထားတဲ့ ကြောင်အဝါလေးကို
ကြင်နာမယ် ... ။
ဒီအချိန်ဆို သူကော်ဖီဆာနေရော့မယ်တွေးလို့
စိတ်ပူတဲ့ ရင်ဘတ်မှာ ရေနွေးအိုးတည်မယ် ။
နှစ်ယောက်စာ မုန့်တွေမှာပြီး
ဟိုတုန်းကလို ကိုယ်မစားဘဲနေမယ် ။
အနေမနီးတဲ့အခါ ၊ နီးအောင်တွေးပါ
အရမ်းအေးတဲ့အခါ ၊ နွေးအောင်နေပါ
သူပြောခဲ့သလိုပါပဲ
ကိုယ့်ကံကြမ္မာနဲ့ကိုယ် မှန်အောင်မနေတတ်တဲ့အခါ
လွမ်းဖျားတွေတက်လာတယ်
လွမ်းနာတွေကျလာတယ် 
လွမ်းတယ်ဆိုတာ မသေချာတာတွေကို
သေသေချာချာခံစားပြီး ခမ်းနားထည်ဝါနေတာ
ဝေဒနာကို ဝေဒနာလို့မထင်ပဲ ဒေသနာလို့မြင်တာ
တစ်ယောက်တည်း နေထွက်လာတာ
တစ်ယောက်တည်း နေဝင်သွားတာ
တစ်ယောက်တည်း အိပ်ယာနိုးလာတာ
တစ်ယောက်တည်း အိပ်ယာဝင်တာ
တစ်ခုခုမရှိတော့တာနဲ့ အရာအားလုံးရပ်တန့်သွားတဲ့
ယန္တယားတစ်လုံးလိုမျိုး ...
တစ်ကြိုးပြတ်တောက်သွားတာနဲ့ တီးမကောင်းတဲ့
စန္ဒယားတစ်လုံးလိုမျိုး ...
တိတ်ဆိတ်နေတော့တယ်
တခါတလေ
လူ့လောကကြီးနဲ့ ကိုယ်တစ်ယောက်တည်း
သင်းကွဲလာတယ်
မပျော်ရွှင်မှုတွေက ​နေသားတကျသွားတဲ့အခါ
ပျော်ရွှင်ဖွယ်ကောင်းလာတယ်
ပျော်ချင်ယောင်ဆောင်တတ်လာတယ်
မပျော်တာကို
ပျော်စရာလုပ်ယူရတာ
ပျော်စရာကြီးပါပဲကွယ် ။
K သူ
ပရိဒေဝအတွက် လျှောက်လဲချက်
အကြည့် နွေတမျှနဲ့ တစ်ယောက်ခွဲလို့
ပကတိဖြေမရတဲ့ နှောက်အသည်းမှာ
ငြိလေရမယ့် ဖောက်လွဲခြင်းတွေကိုပဲ
ပရိဒေဝအတွက် လျှောက်လဲမည် ။
ဘဒ္ဒကမ္ဘာ မသုဉ်းသရွေ့
တသက်ဘဝမှာ မမုန်းမေ့ပေဘူး
အပြုံးငွေ့ ထံ,တျာခြွေအနမ်းနဲ့
ဆုံးတမြေ့ သံသာလေကမ်းမှာ
လွမ်းစရာ ချစ်တီတာချွဲပြီးကာမှ
အသည်းပေါ် ခြေဆောင့်ရုန်းလေသလား
( ဟင် ... )
မောင့် ဧကရီ ။
နွေကန္တာ ရင်ဝယ်ပိုက်လို့
မခင်တွယ်ထိုက်မှန်း သိပေမယ့်
ဘဝင်နယ်တဝိုက် အလွမ်းရှိလေတဲ့
ကြမ်းသည့်အသည်း တစပြင်မှာ
ခဏမြင်ရာ သူ ... သူ ... သူဖြစ်လေတော့
အပူ ... အပူမြစ်တွေ မီးမျက်ရည်
မနီးရက်ရှည် ဖြေစရာမရှိ
စည်းချက်မညီ ဝေဒနာငြိ
အသည်းပတ်လည် ကြေပါ၏ ။
ဟိုယခင် တခက်တခိုင်တပွင့်အလှကို
ကိုယ်အရင် သက်ဆိုင်ခွင့်ရခဲ့ပေမယ့်
အငြိုငြင် အမျက်လှိုင်ဆင့်လို့
ပြတ်နိုင်၊ ဖြတ်နိုင်သူ အလိုကျပေါ့
ထိုခဏ မင်းအနားမနေ
အငိုတစ မင်းမကြားစေရဘူး
ထားရင်ပျော် ... စေရင်တိမ်းလို့
စိမ်းသမျှ ၊ စောဒကမတက်သာပဲ
မငြိမ်းသမျှ ၊ သောကဂယက်မှာ
တစ်သက် တစ်ကမ္ဘာ လက်ပစ်ကူးရင်း
အချစ်ရဲ့ဆူးခင်း ခရောင်းလမ်းပေါ်
အလွမ်းနဲ့ပျော် အဆွေးနဲ့နေပာမည်လို့
ဝေးတမြေမှာ မထောက်ထားပြန်တဲ့
တေးခြွေကာ တစ်ယောက်ကြားရန်
(မြတ်ဘုရား ဖဝါးတော်မြတ်အောက်မှာ )
လျှောက်ထားပါ၏ .... ။
မင်းခသူ
a k i r a
မျက်ရည်တွေ အငွေ့ပျံသွားမယ်
မိုးတွေအဖြစ် ပြန်ရွာချလာမယ် ၊
ဘယ်တော့...ပြီးဆုံးသွားမှာလဲ ။
အိမ်မက်တစ်စင်းလုံး ပျက်ကျသွားပြီပဲ
လူတစ်ယောက် တငွေ့ငွေ့လောင်နေတယ်
တစ်ညလုံး ထိုးကျွေးလိုက်ရလို့
နောက်နေ့ နေသာမယ်လို့ မယုံကြည်ရဲဘူး
ဘုရားကျောင်းမတက်ဖြစ်တာ ... ကြာပြီ ။
ကိုယ့်ကိလေသာနဲ့ ၊ ကိုယ့်အဝိဇ္ဇာနဲ့
ကိုယ်ပိုင်ကမ္ဘာစစ်နဲ့ ၊ ကိုယ်ပိုင်ဖိနပ်နဲ့
ကိုယ်မပိုင်တဲ့ အသက်တာကိုတောင်
သင်္ချီုင်းတော်ကမပိုင်ခင် ၊ မင်းပိုင်သွားပြီပဲ ။
ငါ ... ဆိုတဲ့
အရေခွံကွာကျသွားတာ အတော်ကြာပါပြီ
ရွှေမင်းသမီးပုံပြင်တွေကိုလည်း မေ့လိုက်ပြီ
ရွှေအိမ်မက်တွေကိုလည်း မမက်တော့ဘူး
ကန္တာရသိုးမည်းတစ်ကောင်
ဘုရားသခင် လာကယ်တင်လို့တောင်
နောဧသင်္ဘောကြီးပေါ် လိုက်သွားမှာမဟုတ်ဘူး ။
K သူ
ချောကလက်ဝိုင်
ထိုင်နေကျ အလွမ်းဆိုင်ထဲမှာ
သက်ဆိုင်ခွင့်မရတဲ့အကြောင်းတွေကို
ချောကလက်ဝိုင်နဲ့ မျှော ... ချမယ် ။
နတ်ဘုံနတ်နန်းပေါ် လျှောက်နင်းလိုတဲ့
လူငယ်ဘဝရဲ့ သက်ပြင်းတွေကိုလည်း
ချောကလက်ဝိုင်နဲ့ ကျင်း ... ပစ်မယ် ။
စိတ်ပါရင် ဂစ်တာတစ်လက်ကောက်ကိုင်
ရင်ထဲက မထွေးနိုင် မအန်နိုင်တာတွေ
အလွမ်းဆိုင်ထဲမှာ အော်ဆိုချင် ဆိုမယ် ။
ဘယ်သူမှလွှင့်မပစ်ရင်တောင်
ကိုယ်လိုကောင်က မရှိတော့ပါဘူးကွယ်
ကိုယ်တစ်ယောက်လုံး ပျောက်ဆုံးသွားခဲ့တယ်
ဘယ်သူမှမသုံးတော့တဲ့ တယ်လီဖုန်းလို
မီးစာကုန်ဆီခမ်းသွားတဲ့ မီးခြစ်တစ်လုံးလို
အရာအားလုံးဆီမှာ ရှုံးနိမ့်သွားခဲ့ပြီ ။
မနှစ်မြို့စရာတွေနဲ့ ၊ နှစ်ချို့နေတဲ့
ချောကလက်ဝိုင်ကလေးတစ်လုံးပေါ့ 
မင်းနာမည်နဲ့သာ အဖုံးပိတ်မထားခဲ့ရင်
ဘယ်လောက်အထိ ကိုယ်လွင့်စင်သွားမလဲ
ဘယ်လောက်အထိ ကိုယ်ခါးသက်သွားမလဲ
အထီးကျန်ရတဲ့ လောကဓံကိုကြောက်လို့
ကိုယ့်​ကိုယ်​ကို ပြန်သောက်မြိုနေရတဲ့
ချောကလက်ဝိုင်တစ်လုံးဟာ ... ကိုယ်ပါ ။
K သူ
မိုးရာသီချောကလက်
ချိန်းဆိုမထားပါဘဲ
တကိုယ်လုံး ညို့တက်လာပြီးတော့
ချောကလက်မိုးကလေး ရွာသွားတယ် ။
ခြောက်ခြားဖွယ်ရာ အလင်းတန်းများ
တစ်ခန်းလုံး ထစ်ချုန်းပြီး မင်းရောက်လာကြောင်း
ပြောပြစရာမလိုပါဘူး ။
ချစ်တတ်တဲ့အသည်းရယ်
ချိုမြတဲ့လေညင်းရယ်သာ ၊ ရှိမနေခဲ့ရင်
ဒါဟာ ဘယ်သူမှမငြင်းကွယ်နိုင်တဲ့ နွေပါ ။
ချမ်းရင် ချောင်ကျကျအခန်းကျဉ်းကလေးထဲမှာ
တနေ့မှမမေ့နိုင်သူအကြောင်းတွေ တွေးလို့
ကိုယ် ... နွေးပါတယ် ။
ကိုယ်သိနေပါရဲ့ ...
ချောကလက်လေးတွေ မိုးစက်လုပ်လို့
ငရဲသစ်ငုတ်လိုကောင်ကို စိုရွှဲစေတယ်ဆိုတာ
ကိုယ်သိနေပါရဲ့ ...
ဒါပေမယ့် " ----- " ရယ်
အတိတ်ဟာ ၊ ဘာသီချင်းမှမပါတဲ့တိပ်ခွေထဲမှာ
ခြံရှေ့ဆီက မိုးစိုနေလေ့ရှိတဲ့စာတိုက်ပုံးကလေးထဲမှာ
FM ကလာနေတဲ့ ခေတ်ဟောင်းရေဒီယိုတေးထဲမှာ
ဘယ်တော့မှတုန်ခါခွင့်မရတော့မယ့် တယောကြိုးမှာ
ရှိတယ် ။
ချက်ချင်း လက်ငင်း ... မိုးတိတ်သွားပြီ
ချောကလက်လေး အရည်ပျော်သွားပြီ
နှင်းဆီနဲ့အနားသတ်ထားတဲ့ ဓာတ်ပုံဘောင်လေးတောင်
ပင့်သက်ကြောင့် မှောက်လဲသွားပြီ 
မင်းဆီမှာရော ချောကလက်တွေကျန်သေးရဲ့လား ။
K သူ
နွေရာသီချောကလက်
တစ်ယောက်ယောက်က
ချောင်းကြည့်နေသလိုခံစားရတယ် ။
အလွမ်းဟာ မလုံမလဲတိုးထွက်လာပြီး
စိန်ပန်းပင်ကြီိးပေါ် ခုန်တက်သွားတယ်
မီးနတ်ဘုရားကို ယဇ်ပူဇော်ဖို့ တဲ့
တစ်ကိုယ်လုံး လောင်ကျွမ်းနေတော့တယ် ။
ချောကလက်ချောင်းခြား ...
ကွဲကွာသွားသော အချစ်ဦးရယ်
ချောင်တစ်ချောင်မှာ ငါ့ကိုတွေ့ရင်
ချောင်ပိတ် ၊ နမ်းပါ ။
ချောကလက်ရောင်သမ်းတဲ့ မျက်ဝန်းတွေနဲ့
မမေ့သေးကြောင်းတွေလည်း ခွန်းကြီးခွန်းငယ်ပြောပါ
ချောကလက်နံ့ထုံတဲ့ နှုတ်ခမ်းတစ်စုံနဲ့
ရင်ခုန်သံမှန်သေးကြောင်းတွေလည်း စကားဆိုပါ
နွေရာသီကို လက်ဆောင်ပေးဖို့ တဲ့
တစ်ကိုယ်လုံး စိုစွတ်နေတော့တယ်
စိမ့်စီးစမ်းချောင်းရေထဲ ချောကလက်တွေမျောလို့
သီချင်းဆိုတတ်တဲ့ စုန်းမတစ်ယောက်ကိုလွမ်းရမှာ
ငါ့မှာ ... ချမ်းလိုက်တာ ။
K သူ
ချယ်ရီချောကလက်
မင်းကို ...
ချောကလက်တွေနဲ့ ချိန်ရွယ်ပစ်ခတ်လိုက်တယ် ။
မင်းဟာ ...
ချောကလက်ရောင်သမ်းနေတဲ့ ၊ ပန်းပဲ ။
အချိန်တွေအကြာကြီး လန်းဆန်းနေခဲ့
အချို့ရနံ့တွေကတောင် မင်းကိုငေးတယ်
အခြားမရှိ ၊ တယောသံတွေကို မင်းပိုင်တယ်
ချွင်းချက်မရှိ ၊ ရင်ခုန်သံတွေကိုလည်း မင်းရတယ်
အချစ်နဲ့ အချိန်တွေအကြာကြီး လန်းဆန်းနေခဲ့ ။
လွမ်းဆွေးနေတဲ့ မြေဇာမြက်တွေ မင်းချော့လို့
လောင်ကျွမ်းနေတဲ့ ညနေခင်းတွေကို မင်းသိပ်တယ်
မင်းမှာ တုန်လှုပ်နေတာ ၊ ခြောက်ခြားနေတာမျိုးမရှိ
ပကတိ တည်ငြိမ်တဲ့ကျက်သရေတော်ကို
ပွင့်ဖတ် ပွင့်ချပ်တွေပေါ် လွှင့်တင်ရင်း ၊ ပွင့်တယ် ။
ပွင့်တယ် ... ဆိုတာ
တစ်စုံတစ်ယောက်က ပြတင်းပေါက်ကို
ဆွဲဖွင့်လိုက်လို့ အကြောင်းအကျိုးနဲ့ပွင့်တာမျိုး ၊
ဆင်ခြင်တုံတရားမရှိ ၊ တက်မက်မှုတွေနဲ့
အဲဒီအန္ဓရဲ့ပယောဂကြောင့်
အရက်စက်ဆုံးနိုးထလာတဲ့ ပန်ဒိုရာအိုးပွင့်သလိုမျိုး ၊
မတော်တဆကြားလိုက်ရတဲ့အသံဟာ
ဂါထာ မန္တယားဖြစ်နေတဲ့အခိုက်အတန့်မှာ
ရတနာကျောက်ဂူကြီးပွင့်သွားစေတာမျိုး ၊
တစ်ခုမှ ... မဟုတ်ခဲ့ပါဘူး ။
မင်းဟာ ...
ဆောင်းရာသီဝတ်ရုံထဲမှာ
ကိုယ်ပိုင်အဘိဓမ္မာတရားတွေငုံရင်း
ကြယ်လိုလင်းပွင့်လာတဲ့ နတ်ဘုရားပွင့်ခြင်းမျိုးပါ ။
မင်းနာမည်နဲ့ ကျင်းပတဲ့ပွဲတော်တွေမှာ
မင်းအကြောင်းဟောကြားထားတဲ့ ဒေသနာတွေ
မင်းအကြောင်းဖွဲ့ဆိုထားတဲ့ မဟာလင်္ကာတွေ
မင်းအကြောင်းတီးခတ်ထားတဲ့ ဂီတတေးပိုဒ်တွေ
ငါတို့ရင်ဘတ်ကို ပဲ့တင်လောင်မြိုက်နေတယ် ။
ပြီးတော့ ငါတို့နှုတ်ခမ်းတွေပေါ်မှာ
မင်းဟာ နှင်းစက်ကလေးတွေနဲ့ ခိုစီးနေတတ်တယ်
အချစ်အကြောင်းတွေ ဖော်ကျူးဖို့
မင်းကို စိတ်နဲ့လှမ်းခူးရုံကလေးနဲ့တင်
ပြည့်စုံပါပေတယ် ။
အနမ်းတွေကို
ချိုမြိန်နိုင်စွမ်းသူကလေးရယ် 
ချောကလက်တွေနဲ့ ချိန်ရွယ်ပစ်ခတ်ခံခဲ့ရတယ် ။
K သူ