တို့


တို့ ဝေဝေဝါးဝါး ဝေးကွာသွား
မိုးရေထဲ မျက်ရည်စက်ကလေးမျောသွားသလို
တို့ ကိုယ်တိုင်မသိနိုင်တဲ့ မျက်လှည့်ပညာများထဲ
တို့ ဝင်ရောက်အသုံးတော်ခံလိုက်ကြရတယ် ။

တို့ သီချင်း ၊ တို့ ဂစ်တာ
တို့ နှစ်ယောက်ဟာ တစ်ယောက်တည်းလို
တို့ အတွေးတွေ ၊ တသွေးတသားတည်း
တို့ ထွန်ယက်စိုက်ပျိုးခဲ့သော နှင်းဆီ
ဘယ်နှစ်ပွင့်ပဲ ပွင့် ... ပွင့် 
နှင်းဆီနာမည်နဲ့ တစ်ပွင့်တည်းပေါ့ ။

တို့ ပညတ်ချက်မှာ ကြယ်တွေပြာ လတွေပြာ
အကြောင်းအကျိုးတွေအားလုံး အားလုံး ပြာ
တို့ အတွေးထဲမှာ ချစ်ခြင်းပြာပြာနဲ့
တို့ ကောင်းကင် ၊ တို့ မြေယာ
အပြာရောင်ဂီတလေး ငြိမ်းချမ်းခဲ့ပြီးကာမှ
တို့ ဘာကြောင့် တစ်ယောက်ကို တစ်ယောက်
ပြန်ပေးလိုက်ရတာလဲ
ကံတရားဆီ ... ။

တို့ လွမ်းနေ
တို့ ကြေကွဲနေ
တို့ မယုံနိုင်ခြင်းတွေပြည့်နေ
တို့ ဘယ်ကိုရွေ့လျားနေသူများလဲ
တို့ တောင်ဘက် မြောက်ဘက်
အတွေးတွေ ကျောခြင်းကပ်ပြီး ဝေးကွာ
တို့ လက်ထပ်လိုက်ရတာ ဝဋ်ကြွေးကိုလား
တို့ စွယ်တော်ရွက်ဟောင်းလို ဝါကျင်နေ
တို့ကိုယ်တို့ ကြင်နာခဲ့ရလို့ နာကျင်နေ ။

တို့ ကျမ်းစာတွေရွတ်ခဲ့
တို့ ကျိန်စာတွေမိခဲ့
တို့ဟာ တို့နှစ်ယောက်ရဲ့ကျေးကျွန်ဖြစ်ပြီး
ဘယ်တော့မှ မလွတ်မြောက်လိုသူများ
ခု လွတ်ထွက်သွားချိန်မှ အလွမ်းကြီးလွမ်းရ
တို့ဟာ ၊ တို့ကမ္ဘာရဲ့
မီးကို စတင်တွေ့ရှိလိုက်သူတွေဖြစ်ကြပေါ့ ။


K သူ

ဆာယာ



ကြယ်ကလေး ဝင်စားပြီး
ကြယ်ကလေး တဒင်္ဂလုပ်မယ် ။

ကြယ်ကလေးမှာ ချစ်သူမရှိ
ကြယ်ကလေးမှာ အလွမ်းမရှိ
ကြယ်ကလေးမှာ လောကဓံမရှိ
ကြယ်ကလေးမှာ ဝဋ်ကြွေးမရှိ
ကြယ်ကလေးမှာ အကျင့်မရှိ
ကြယ်ကလေးမှာ ကျောင်းမရှိ
ကြယ်ကလေးမှာ ကြိမ်လုံးမရှိ
ကြယ်ကလေးမှာ ကြွားလုံးမရှိ
ကြယ်ကလေးမှာ ကဗျာမရှိ
ကြယ်ကလေးမှာ ဆရာမရှိ
ကြယ်ကလေးမှာ သီချင်းမရှိ
ကြယ်ကလေးမှာ အတင်းမရှိ
ကြယ်ကလေးမှာ ပိုက်ဆံမရှိ
ကြယ်ကလေးမှာ ရှိုက်သံမရှိ
ကြယ်ကလေးမှာ စကားမရှိ
ကြယ်ကလေးမှာ အမှားမရှိ
ကြယ်ကလေးမှာ မာနမရှိ
ကြယ်ကလေးမှာ ဝါဒမရှိ
ကြယ်ကလေးမှာ ရယ်သံမရှိ
ကြယ်ကလေးမှာ ကျည်ဆံမရှိ
ကြယ်ကလေးမှာ အတုတွေမရှိ
ကြယ်ကလေးမှာ ဥပဒေမရှိ
ကြယ်ကလေးမှာ နောက်ကြောင်းမရှိ
ကြယ်ကလေးမှာ စောက်ဖောင်းမရှိ
ကြယ်ကလေးမှာ အရိပ်မရှိ
ကြယ်ကလေးမှာ အဆိပ်မရှိ
ကြယ်ကလေးမှာ အမွေမရှိ
ကြယ်ကလေးမှာ အမေမရှိ
ကြယ်ကလေးမှာ ယဇ်ပွဲမရှိ
ကြယ်ကလေးမှာ စစ်ပွဲမရှိ
ကြယ်ကလေးမှာ လိပ်စာမရှိ
ကြယ်ကလေးမှာ မိစ္ဆာမရှိ
ကြယ်ကလေးမှာ ရမ္မက်မရှိ
ကြယ်ကလေးမှာ ဇာတ်မရှိ
ကြယ်ကလေးမှာ မာယာမရှိ
ကြယ်ကလေးမှာ ဘာသာမရှိ
ကြယ်ကလေးမှာ အိပ်မက်မရှိ
ကြယ်ကလေးမှာ ပိတ်ရက်မရှိ
ကြယ်ကလေးမှာ ကံကြမ္မာမရှိ
ကြယ်ကလေးမှာ သံသရာမရှိ
ကြယ်ကလေးမှာ အခြားမရှိ
ကြယ်ကလေးမှာ အဖျားမရှိ
ကြယ်ကလေးမှာ ဒေသနာမရှိ
ကြယ်ကလေးမှာ ဝေဒနာမရှိ
ကြယ်ကလေးမှာ နာရီမရှိ
ကြယ်ကလေးမှာ ရာသီမရှိ
ကြယ်ကလေးမှာ အတွေးမရှိ
ကြယ်ကလေးမှာ အဆွေးမရှိ
ကြယ်ကလေးမှာ အပြုံးမရှိ
ကြယ်ကလေးမှာ အမုန်းမရှိ
ကြယ်ကလေးမှာ အယူမရှိ
ကြယ်ကလေးမှာ အပူမရှိ
ကြယ်ကလေးမှာ အစွဲမရှိ
ကြယ်ကလေးမှာ ငရဲမရှိ
ကြယ်ကလေးမှာ အာဃာတမရှိ
ကြယ်ကလေးမှာ ဘာမှမရှိ

ကြယ်ကလေး ဝင်စားပြီး
ကြယ်ကလေး တဒင်္ဂလုပ်မယ် ။


K သူ

ငယ်သူ


ချစ်လို့ရတာမှန်သမျှ
သစ်ရွက်လှုပ်ပုံလေးကအစ
မိုးခြိမ်းသံအဆုံး
အရာအားလုံး ချစ်ရတယ်။

မမဟာ သစ်ရွက်လား
မမဟာ မိုးခြိမ်းသံလား
မကွဲပြားခင် ချစ်လိုက်ရတာလည်း
ချစ်လို့ရတာပဲ မဟုတ်လား။

ချစ်တာကို ချစ်နေရမယ့်သူရယ်
ချစ်တာကို ချစ်မှန်းသိနေရမယ့်သူရယ်
ဒီနှ်စ်ယောက်ရှိနေတဲ့အခါ
ကမ္ဘာမြေဟာ ပြီးပြည့်စုံလိမ့်မယ်။

ကြီးသူကိုရိုသေ ၊ ငယ်သူကိုလေးစား
ကျွန်တော် မမအိနြေ္ဒကို ရိုသေသလို
ကျွန်တော့်မေတ္တာတရားကို
မမ မဖြစ်မနေလေးစားရလိမ့်မယ်
အဲဒီလို ကျွန်တော်ယုံကြည်တယ်။

ပြီးတော့ ကြောက်ရွံ့တယ်
ခြေတစ်ဖက်ကြွလိုက်တာနဲ့
ကျွန်တော် ကျန်နေခဲ့ရမှာ
ခေါင်းတစ်ချက်ခါလိုက်တာနဲ့
ကျွန်တော် လွင့်စင်သွားမှာ
နှုတ်ခမ်းလေးကိုက်လိုက်တာနဲ့
ကျွန်တော့်ကို ဘုရားရိုက်မှာ
မျက်စောင်းလေးထိုးလိုက်တာနဲ့
ကျွန်တော် ကျိုးကြေသွားမှာ
အရာရာ ကြောက်ရွံ့တယ် ။

လောကဓံနဲ့ စီးချင်းထိုးရတဲ့ကောင်က
မမနဲ့ ပတ်သက်လာရင်
ထန်းလက်အောက်က ယုန်သူငယ်
ဖြစ်နေတတ်လို့
နှလုံးသားကို အမြဲနားစွင့်ထားရတယ်
အသက်ငယ်တယ်
အသည်းငယ်တယ်
လိပ်ပြာငယ်တယ်
မဟာကဗျာတစ်ပုဒ်ကို ရွတ်ချင်တယ်။

မှော်ဆန်ဆန်
မြို့တစ်မြို့ကို
တယောတစ်လက်ထဲ ဘယ်သူတည်ခဲ့
တစ်ယောက်တည်း ငြင်းခုန်ရင်း
အသည်းတွေ တဆတ်ဆတ်တုန်ရတယ်
အ သည်း တွေ 
..................... တ ဆတ် ဆတ် တုန် ရ တယ် ။


K သူ

တစ္ဆေလိပ်ပြာ - ၂




ဒီအိမ်မက်ကလန့်နိုးလိုက်ရင်
ပျော်စရာတွေ ပျောက်သွားမှာစိုးလို့
ငြိမ်နေခဲ့တာ ၊ ငြိမ်ငြိမ်မနေနိုင်ခဲ့တာ ။

ကံကြမ္မာနှိုးစက်သံ
မင်းကို ဘယ်တော့ပြန်တွေ့ရမလဲ
ရေခဲရေတစ်ခွက် ငါသောက်မိခဲ့ 
ပူတယ် ။

ပြန်မလာသူကို
အသက်ရှုသံလေးထဲထည့်ပြီး
ဟန်ဆောင်နာကျည်းလိုက်ရင်ရော
ဒီမှော်ရုံတောလေးက လွတ်မှာလား
မုသာဝါဒစန္ဒရားသံ နားထောင်မိ ။

တစ်ထောင့်တစ်ညနဲ့မှ 
ဒဏ္ဍာရီတစ်ပုဒ်စွန်းစွန်းရှိခဲ့ပြီ
မနေ့တနေ့ကလိုပဲ ၊
အမှားဟာ အခုလေးတင်ပွင့်ခဲ့တယ် ။

ရင်ထဲမှာ ဖန်တရာတေသူလေးရယ်
ရောက်လေရာအရပ်က ...
သတိရပါတယ်လို့သာ အမျှဝေပါ
လောကကြီးနဲ့အတူ မင်းကိုမျှဝေချစ်မြတ်ရင်း
မနီးစပ်ခြင်းမှာ ပျော်ရွှင်ရပေမပေါ့ ။


K သူ

တစ္ဆေလိပ်ပြာ ၁



ကတ္တီပါဖိနပ်ကလေးပေါ်ကနေ

ကမ္ဘာမြေအဆုံးအထိတိုင်အောင်
မင်း ... ထွက်ပြေးပုန်းရှောင်နိုင်တယ်။


ကိုယ် ... လွမ်းဆွတ်ကြေကွဲကျန်ခဲ့
အဲဒီလိုထင်ရင်တော့ မှားလိမ့်မယ်။

ကတ္တီပါဖိနပ်ကလေးနဲ့ တသားတည်း
မင့်ကိုယ်သင်းရနံ့လေးနဲ့ တသားတည်း
မင်းပြေးသလောက်က ဝေးမသွားဘူးကွယ်
သံယောဇဉ်ကြီးမားတော့ ဤခရီးနီးရတယ်။

K သူ

ရွှေနားတော်သွင်း


၁ ။
ရွှေဖဝါးတော်အောက်
အကျွန်လျှောက်သည် ။

ရွှေမျက်နှာ မော်ဖူးခွင့်ကို
သံတော်ဦး ချီ ။

ရွှေနားတော် ဆင်ပါမည်
လင်္ကာသီ စောင်းကြိုးညှိ ။

ရွှေအိမ်စည် ...
ရွှေသိင်္ဂီ ဘုန်းသက်ပိုင်ကို
အဉ္ဇလီ အပြုံးခက်လှိုင်ဖို့
နှလုံး ဆက်နိုင်၏ ။

၂။
ရွှေဖဝါးတော်အောက်
အကျွန်လျှောက်သည် ။

ရွှေမိန့်တော် မရုန်းကန်လို့
အသုံးခံပါမည် ။

ရွှေမျက်နှာ မြနှင်းဆီ
သီချင်းသီ မရဲသော်လည်း ။

နိဗ္ဗာန်​ မတောင့်တတဲ့
အိပ်ဖန်စောင့် ဘဝမှာ
ဖုရာ့မျက်နှာ အကြည့်ခိုးရင်း
ညှိုးလျပြီပဲ ... ။

၃ ။
ရွှေဖဝါးတော်အောက်
အကျွန်လျှောက်သည် ။

ရွှေစိတ်တော် ငြိုမှာစိုးလို့
မြတ်နိုးဖို့သည် ။

ရွှေနဲ့ ခဲ ပမာမညီ
မဟာဆီ အသွေးကိုတဲ့ ။

သမုဒယ ဝဲသြဃမှာ
ခုဘဝ အသည်းမောလှလို့
သောကပြည်ဖွဲ့ ။

၎ ။
ရွှေဖဝါးတော်အောက်
အကျွန်လျှောက်သည် ။

ရွှေရုပ်လွှာ ပန်းချီရှုံးရဲ့
ဘုန်းဘွဲ့တေးသီ ။

ရွှေအိမ်မက် မက်ခဲ့ပြီ
မနက်ဆီ မရောက်ခင်ပေါ့ ။

မဟာအလှနဲ့
သာမည စောင်းသမားပုံပြင်ကို
ခုံမင်သူ ငမိုက်သားပါ
မှားလားကွယ်နော့ ။

၅ ။
ရွှေဖဝါးတော်အောက်
အကျွန်လျှောက်သည် ။

ရွှေပလ္လင် အမြင့်မှန်းလို့
လွမ်းစေတီ ... တည် ။

ရွှေမျက်စောင်း တစ်ချက်သာသီ
အမျက်အဤ ရှိပါက ။

စာလွှာတစ်ရွက်ပါး
အာဏာပါးကွက်သားကို
အခုများ မမြင်ချင်စမ်းရယ်လို့
အနုဖုရား ရင်ပြင်နန်းမှာ
ပန်းမျက်နှာ အကြည်လင်နဲ့
စီရင်ခဲ့ဖုရာ့ ... ။

မင်းခသူ

ဇာမဏီကြက်မ သူတွန်လျှင် ဇမ္ဗူတစ်ခွင် လင်းလို့မဆုံး


မနက်ဖြန်တိုင်း ကောင်းကင်ကြီးအမြဲငုံ့ကြည့်နေမှာက
ဒီနေ့ သူမ ... ဘာပန်းတွေပန်ထားသလဲဆိုတာကိုပဲ ။

မိုးမြေသိမ့်တုန် ၊ နှလုံးခုန်သံတွေ ခြိမ့်ခြိမ့်သဲ
သဘောတူရင် ၊ ခင်ဗျားတို့ရင်ထဲကပန်းတွေ
မပွင့် ပွင့်အောင်ဆွဲဖွင့်လိုက်ကြ ၊ သူမလာပြီ
ခင်ဗျားတို့အိမ်မက်ထဲမှာ တေဇောဓာတ်လို
လောင်ကျွမ်းခဲ့ဖူးတဲ့ ဗိုလ်တေဇရဲ့ DNA ထဲက
ခင်ဗျားတို့သွေးကြောထဲမှာ အမြဲနီတဲ့သွေးနီဥလို
စီးဆင်းပြေးလွှားနေတဲ့ သံမဏီနှင်းဆီရဲ့ ဆဲလ်ထဲက
ခင်ဗျားတို့ရွတ်နေတဲ့ဘုရားစာပြီးရင်
အမြဲလိုလိုရွတ်ဖတ်သရဇ္ဈာယ်နေရမယ့် တရား
အဲဒီ တရားတစ်ဝက် ၊ ဓားတစ်ဝက်လူသားရဲ့
ဝိဉာဉ်ထဲကနေ ... သူမ လာနေတယ် ။

အလင်းတွေ လမ်းတဆုံးလျှံကျလို့
ဒီလှေပေါ်ကို လိုက်လိုက ၊ လိုက်ခဲ့
တက်ကျိုးရင် လက်ထိုးလှော်လှော် နံရိုးနဲ့လှော်လှော်
အဲဒါသူ့ကိစ္စဖြစ်တယ်ဆိုပြီး သူမကခေါ်တယ်
ကျေးဇူးပြုပြီး တက်ကိုတော့မချိုးဖို့ဆိုတယ်
အစုန်အဆန်မှာ ၊ ပုန်ကန်တာတွေရပ်လိုက်
သူမရပ်နေတာက မီးလောင်နေတဲ့ကမ္ဘာ
သူမချနင်းထားတာက သူမကိုယ်ရေးကိုယ်တာများ
ကြောက်ရွံ့မှုတွေကို ကျောက်ချထားခဲ့ကာ
ကျွန်တွေကိုကယ်ဖို့ ကမ်းကခွာတယ်
အနော်မာ ၊ ဧရာဝတီ ...
အောင်မြင်ဆန်းပြားမှုတွေစုလို့ကြည်လင်ပေါ့
ဒီလိုမွှေးတဲ့နှင်းဆီတွေပွင့်ဖို့ သန်းခေါင်ယံတွေမှာ
ဘယ်လောက်တောင် ပါရမီဖြည့်ခဲ့ရတယ်ထင်လဲ ။

မီးပုံထဲကတိုးထွက်လာတဲ့ ဖီးနစ်ငှက်လို
ချိုးဖြူငှက်တွေ အမြင့်မားဆုံးပျံတက်ကြ
အနက်ရောင်စန္ဒရားအဖုံးကို သူမဖွင့်လိုက်ပြီ
မဟာကပ်ကမ္ဘာကြီးတစ်ခုလုံးဆာလောင်နေတဲ့ ဂီတကို
သူမ တီးခတ်တော့မယ် ၊ ဟော ... တီးခတ်နေတယ်
လိပ်ပြာလုံရင် ရှေ့ကိုလာနိုင်သမျှလာပါ
လိပ်ပြာမလုံရင် နောက်ကိုဆုတ်ချင်သလောက်ဆုတ်ပါ
ဘာပဲဖြစ်ဖြစ် ၊ အဲဒီနတ်သမီးသီချင်းကိုတော့
ငရဲတွင်းထဲနေတောင် ခင်ဗျားကြားရမှာဖြစ်တယ် ။

နှုတ်ခမ်းကို နှုတ်ခမ်းနီဆိုးထားတဲ့ ဇာမဏီနှင်းဆီက
အနမ်းတွေအားလုံး နှင်းတွေဆီကိုခေါ်ဆောင်ဖို့
ဆယ့်တစ်မီးကို ရင်ဘတ်ထဲပစ်ထည့်ထားတာ
သိလား ... သူ့ခမည်းတော်လို
ဆာစတပ်ဖို့ဒ်ကလပ်စ်ရဲ့ အိပ်ကပ်ထဲကဘောပင်ကို
ဟောဒီရာစုနှစ်တွေမှာလည်း ပြန်လုယူနေရတာ
သိလား ... သွေးသားအရင်းအချာတွေစွန့်ခွာပြီး
သွေးမတော် သားမစပ် သန်းပေါင်း ၆ဝ နီးပါးကို
သူရင်ခွင်ထဲမှာ နန်းတင်ထားရတာ
ဒီဇာမဏီနှင်းဆီဟာ ...
သူ့ကိုယုံရင် ဘယ်တော့မှစုံလုံးမကန်းတဲ့
ဘုရားသမီးတော်ဖြစ်ပြီး
သူ့ကိုယုံရင် ဘယ်တော့မှစုံလုံးမကန်းတဲ့
သားတွေ သမီးတွေရဲ့ အမေပဲ
သူ့ကိုယုံရင် ဘယ်တော့မှစုံလုံးမကန်းတဲ့
ဘိုးဘွားပိုင်အမွေ/မြေရဲ့ ရွှေပဲ ။

ဒီရွှေက ငရဲမီးနဲ့အစားခံရ ၊ ဖယောင်းနဲ့အတိုက်ခံရ
သူမချစ်ခြင်းမေတ္တာကို ဘယ်တော့မှအရောင်မကျစေခဲ့
သူမဦးခေါင်းကို ဘယ်တော့မှမတိမ်းညွှတ်စေခဲ့ဘူး
မုန်တိုင်းအလယ်ကို ငါတို့ရောက်သွားတော့
ဒီကြယ်ကလေးတစ်လုံးပဲ ငါတို့မြင်လိုက်ရ
သန်းခေါင်ထက်နက်တဲ့ ညတွေမှာလည်း
ဒီအလင်းကလေးထဲမှာပဲ ငါတို့ကဗျာရေးကြ
ဒီလမ်းကလေးထဲပဲ ငါတို့လျှောက်ကြတယ်ဆိုတာလည်း
ဒေါင်းအလံလေး တလူလူလွှင့်နေလို့ပါပဲ
အဲဒီအလံရဲ့ ကောင်းကင်ယံမှာ
ဇာမဏီငှက်ကလေး ပျံတယ် ။

တစ်ထောင့်တစ်ညပုံပြင်ထက်ပိုရှည်လျားခဲ့
အခန်းတိုင်း အခန်းတိုင်းမှာ သွေးစွန်းနေတဲ့ဇာတ်လမ်း
ခေတ်အဆက်ဆက်အလုံးစုံကန်းခဲ့ကြဖူးတယ်
ဒီတော့ ...
ရွှေမင်းသမီးနဲ့ စောင်းသမားပုံပြင်ကို
ငါတို့ပြောင်း နားထောင်တယ်
သယံဇာတပေါတယ် ၊ ပြစရာမရှိ
ပညာရေးကောင်းတယ် ၊ ဟိုရှေးရှေးတုန်းက
တောတောင်စိမ်းစိုတယ် ၊ သမိုင်းစာအုပ်ထဲမှာ
ဒီမြေ ဒီရေက ရောဂါပေါင်းစုံနဲ့ နာဖျား
ရှိသမျှ လက်ဝတ်လက်စားတွေအကုန်ချွတ်ယူခံရ
မျက်ရည်ပူကလေးတွေချန်ခဲ့/ကျန်ခဲ့ ၊ အခု
မျက်ရည်သုတ်ဖို့ သူမရောက်လာပြီ ။

ဒါပေမယ့် ၊ မြေခွေးတွေနဲ့ စပျစ်သီးတွေကို
ငါတို့ မမေ့ ၊ ကကြီး ခခွေးလို ငါတို့ မမေ့ကြ
အနီရောင်လမ်းမကြီးတွေကို ငါတို့မမေ့ကြ
ထောင်တံတိုင်းထဲက အရိုးတွန်သံတွေကို
ငါတို့ မမေ့ ၊ သားချော့တေးလို ငါတို့ မမေ့ကြ
သက္ကရာဇ်​ကိန်းဂဏန်းတွေကို ငါတို့ မမေ့ကြ
မြောက်လေသွေးတိုင်းမွှေးမြတဲ့ ယမ်းနံ့တွေ
ငါတို့ မမေ့ ၊ သေပန်းနံ့တွေလို ငါတို့ မမေ့ကြ
မေ့မရတဲ့ ကျိန်စာတွေကို ရွှေရည်စိမ်ဖို့
ငါတို့နှလုံးအိမ်ထဲ သူမရောက်လာပြီ ။

ခေတ်ဟောင်း ၊ ခေတ်သစ်ပုံပြင်တိုင်း
ရွှေမင်းသမီးနဲ့ စောင်းသမား 
ပေါင်းဖက်ကြလေသတည်း
ပေါင်းဖက်ကြစေသတည်း ။


မင်းခသူ

မမရဲ့ ... မီး


အလိမ္မာ
မမမျက်နှာမှာ ရှိတယ် 
ဥပမာ - မမမျက်စောင်းထိုးလိုက်တာနဲ့
ဆင်ခြင်တုံတရားတွေ ရိုက်ချိုးမိသလိုပေါ့
မမမျက်နှာညှိုးရင်
မမဆံမျှင်တွေဆီ ဝင်တိုးတဲ့လေပြေညင်းလည်း
သေဖို့သာ ပြင်
မမနဲ့ပတ်သက်ရင် ကျွန်တော်ကစစ်ပြင်နေတတ်တယ်
မမနဲ့ပတ်သက်ရင် ကျွန်တော်က
အယဉ်တပိုင်း ၊ အရိုင်းတပိုင်းဖြစ်နေတတ်တယ်
ကျွန်တော်ဦးတည်တဲ့လမ်းမှာ မမ ရှိမနေရင်
ရှေ့ကိုသာဆက်တိုးမှာဖြစ်ပြီး ၊ မမ ကာဆီးထားရင်
နောက်ကို ခြေတစ်လှမ်းဆုတ်ပါမယ်
မမနဲ့ပတ်သက်ရင် ကျွန်တော်က
အသိဉာဏ်တုတပ်ထားတဲ့ နယ်ရုပ်ဖြစ်ပါတယ်
မမနဲ့ပတ်သက်ရင် ကျွန်တော်က
အမြဲလိုလို ရင်,တမမဖြစ်နေတတ်ပြီး
အမြဲလိုလိုလည်း ရင်တထိတ်ထိတ်တုန်နေတတ်တယ်
ကျွန်တော့်မှာ ရှိရှိသမျှ အကုန်ဟာ မမဖြစ်ပြီး
ကျွန်တော်မှာ မရှိတဲ့အရာဆိုလည်း ၊ မမပဲဖြစ်ပါတယ်
ကျွန်တော်မရတဲ့ သီချင်းစာသားတွေကို
မမနာမည်ကလေးထည့်ပြီး ၊ ညီးနေတတ်တယ်
ကျွန်တော်မဖြတ်ခဲ့တဲ့ စောင်းကြိုးပြတ်တွေကို
မမနာမည်ကလေးတပ်ပြီး ၊ တီးနေတတ်တယ်
ကျွန်တော်မရေးတတ်တဲ့ ကဗျာစာရွက်အလွတ်တွေကို
မမနာမည်ကလေးဆွတ်ပြီး ၊ ရွတ်ဆိုနေတတ်တယ်
ကျွန်တော်ဟာ မပြည့်တဲ့အိုးပဲ
မမဆိုတဲ့ အသံထွက်လာအောင် ဘောင်ဘင်ခတ်တယ်
ကျွန်တော်ဟာ ချိုကျိုးနွားလားပဲ
မမအသံကြားရင် အမြဲညွှတ်တွားတယ်
ကျွန်တော်ဟာ ဖယောင်းတိုင်လိုကောင်ပါပဲ
မမရှေ့မှာ အမြဲလောင်ကျွမ်းနေပြီး
မမနောက်မှာ အမြဲမီးသေနေလေ့ရှိတယ်
"မမ" ... "မမ" လို့ပဲခေါ်ပြီး
ကျွန်တော့်ခရီးစဉ်တွေကို အမြဲဆုတ်ဖြဲပစ်ခဲ့
"မမ" ... "မမ" လို့်ပဲသိပြီး
ကျွန်တော်က ခလုတ်တိုင်း ထိ,ချင်ခဲ့
မမကလွဲရင် ကျွန်တော်ကအလုံးစုံကန်းချင်ခဲ့တယ်
ကျွန်တော်က ပိုးဖလံတစ်ကောင်လို ကန်းချင်ခဲ့တယ် ။


K သူ

Philophobia


မမရေ ... ကိုယ်ဟာ
အသက်ငယ်တယ်
အသည်းငယ်တယ်
လိပ်ပြာငယ်တယ် ။

ကမ္ဘာမြေကြီးက
အက်တမ်တစ်ပွင့်နဲ့
အစပြုခဲ့သလိုပေါ့
တစ်ဘဝလုံးဟာ
မမနဲ့ တွေ့တဲ့နေ့မှာ
စတယ် ။

ပင်လယ်ပြာကြီးက
မိုးစက်ကလေးတစ်စက်နဲ့
အစပြုခဲ့သလိုပေါ့
မျက်ရည်ချောင်းလေးက
မမနဲ့ ဝေးတဲ့နေ့မှာ
စတယ် ။

စတယ် - ဆိုတာ
ဆုံးမယ်လို့လည်း
ကြိုတင်ပြောခြင်းပဲ
မဟုတ်လား ... ။

လင်္ကာဒီပတခေတ်လုံး
တဝဂူပုံပြင်တခုလုံး
တောင်ငူရာဇဝင်တခုလုံး
နောက် ... ၂၁ ရာစုတခုလုံး
အစတွေနဲ့ပဲ အဆုံးသတ်လို့
မဆုံးတော့ဘူး
မဟုတ်လား ။

မမရေ ... ကိုယ်ဟာ
မေတ္တာကြီးမားတယ်
သစ္စာကြီးမားတယ်
ပရိဒေဝကြီးမားတယ် ။

ကံစီမံရင်
ဝတ်မှုံလေးတစ်ပွင့်စာ
မမနမ်းတဲ့ နှင်းဆီပန်းမှာ
နေရာယူလိုက်ချင်တာပါပဲ
နှင်းဆီနွမ်းတဲ့အခါ
ကံစီမံရာ အနင်းခံရတော့ 
ဘာဖြစ်သလဲ ... ။

ကိုယ်အကြောက်ဆုံးက
မဟာသယလေးတော်တင်ပွဲနဲ့တူတဲ့
မမ ကိုယ့်ကိုခွဲခွာသွားမှာကိုပဲ
အဲဒါ ...
အချစ်ကိုဆုံးရှုံးရမှာကြောက်တဲ့
ရောဂါ လို့ ခေါ်တယ် ။


K သူ

ဆိတ်ကွယ်ရာအရပ်မှ


ဆိတ်ကွယ်ရာအရပ်မှ
ဆိတ်ကွယ်ရာအရပ်က မင်းကိုငါချစ်တယ် ။

အိပ်ခန်းတစ်ခုလုံး မင်းအသံတွေပြည့်ကာ
မိုးရာသီကြီးတစ်ခုလုံး ရိုက်ခွဲချလိုက်သလို
ရေဒီယိုခလုတ်ပိတ်သလိုလည်း ပိတ်မရ ...
အင်္ကျီတွေလိုလည်း ကြယ်သီးဖြုတ်မရ ...
အရိပ်တွေက ဥပစ္ဆေဒကံလို
အရောင်တွေက အလုံးစုံကန်းသွားသလို
အရသာမရှိတဲ့ဘဝကြီးဟာ တိတ်ဆိတ်နေတယ် ။

ဆိတ်ကွယ်ရာအရပ်မှ
ဆိတ်ကွယ်ရာအရပ်က မင်းကိုငါချစ်တယ် ။

ဆောက်တည်ရာမရ စန္ဒရားတစ်လုံးပေါ်
ကြောင်တွေအော်ပြီးလိုက်၊ ကြွက်တွေအော်ပြီးပြေး
ကီးချော်နေတဲ့တေးတွေ ယိုစိမ့်ကာ
ဒီလူရဲ့သောကအဝါကို နှစ်သိမ့်သတဲ့
ကြွက်တွေအော်ပြီးပြေး၊ ကြောင်တွေအော်ပြီးလိုက်
Jerry နဲ့ Tom ရဲ့ အခိုက်အတန့်ကလေးတွေ
တီဗီဖန်သားပြင်ပေါ်မှာ ၊ မင်းနဲ့ငါရဲ့ အတိတ်မှာ
ခုဆို ...
Tom ရဲ့ဘဝထဲက Jerry လေးထွက်သွားတာ ကြာပြီ ။

ဆိတ်ကွယ်ရာအရပ်မှ
ဆိတ်ကွယ်ရာအရပ်က မင်းကိုငါချစ်တယ် ။

တစ်ဘဝလုံးဖွင့်ထားမယ့် အလွမ်းဆိုင်ကလေး
မိုးတွေရွာတဲ့အခါ ၊ နှင်းတွေကျတဲ့အခါ
ရွက်သစ်တွေ ဝေလို့ ၊ သစ်ရွက်တွေကြွေတဲ့အခါ
တစ်ဘဝလုံးဖွင့်ထားမယ့် အလွမ်းဆိုင်ကလေးဟာ
စားသုံးသူမဲ့စွာ တိတ်ဆိတ်ရီဝေနေလိမ့်ဦးမယ်
ကော်ဖီတွေဖျော်ထားတယ် ၊ ကော်ဖီတွေအေး
ပန်းစည်းကလေးပြင်ထားတယ် ၊ ပန်းပွင့်တွေနွမ်း
ဂစ်တာကြိုးညှိထားတယ် ၊ ဂစ်တာကြိုးတွေပျက်စီး
ကဗျာစာအုပ်လေးဖွင့်ထားတယ် ၊ ကဗျာတွေ သေဆုံး
အိပ်ရာလေးခင်းထားတယ် ၊ အိပ်ရာလေးတွန့်ကြေ
တွန့်ကြေနေတဲ့အိပ်ရာဘေးမှာ
တွန့်ကြေနေတဲ့ အလွမ်းတွေနဲ့
တွန့်ကြေနေတဲ့ နှုတ်ခမ်းတွေနဲ့
နှုတ်ခမ်းတွေ ပြာနှမ်းသွားတဲ့အထိ
မင်းနာမည်ကို ခေါ်မိတယ် .... ငါဟာ
ဆိတ်သုဉ်းခြင်းပေါင်းစုံနဲ့ ဆိတ်သုဉ်းနေရဲ့ ။

အဲဒီလို ဆိတ်ကွယ်ရာအရပ်မှ
ဆိတ်ကွယ်ရာအရပ်က မင်းကိုငါချစ်တယ် ။

အဲဒီလို ဆိတ်ကွယ်ရာအရပ်မှ
ဆိတ်ကွယ်ရာအရပ်က မင်းကိုငါချစ်မယ် ။


K သူ

အလွမ်းမမဲ့လူတန်းစား


အနမ်းနဲ့ သူဆမ်းမသွားတဲ့
ကျွမ်းဖွယ့် အပူလမ်းအကြားမှာ
အလွမ်းမဲ့လူတန်းစား ဖြစ်လိုတယ်။

မဟာကမ္ဘာ ဝဋ်စခန်းစဉ်မှာ
ကဗျာဆရာ ကျွတ်တန်းဝင်ဖို့
အလွမ်းမျှင် အလွမ်းမိုးကိုလည်း
ပန်းပင် ပန်းပျိုးလို့
ပန်းချိုးကာ စေတီတော်၌
ပူဇော်လိုက်မယ် ။

အသနားမရှိ ပျော်
တပါးမကြည့် မခေါ်
ဘုရား တပည့်တော်ရဲ့
ရင်မြေ့အရှင် သူစိမ်းကားကို
အပူငြိမ်းမလားလို့ မေ့လိုတယ်
မတွေ့လိုတယ် ဆိုပါမှ ... ။

ကောင်းကင်ကို ကြည့်သော်ငြား
ကောင်းကင်ကား မဟုတ်သလို
သမုဒ္ဒရာကို ကြည့်သော်ငြား
သမုဒ္ဒရာကား မဟုတ်သလို
မြေပြင်ကို ကြည့်သော်ငြား
မြေပြင်ကား မဟုတ်သလို
သူ့ရုပ်လွှာ ကမ္ဘာကုန်စိုးလို့
မိုးမြေက သူ ... သူဖြစ်လေတော့
ရိုးမြေကျ အပူ ... အပူမြစ်မှာ
ယူပစ်စရာ အဝိဇ္ဇာများကလည်း
တမူသစ်လာ ဣဌာတရားပါပဲ
စကားသံ တဝက်တပျက်များကလည်း
ဪ ... ဓားလှံ လက်နက်များပါပဲကွယ့်
ဆက်ဆက် အလွမ်းငရဲခံရင်း
မလွမ်းလည်း ဘဝင်အဆွေးယှက်
လွမ်းလည်း သခင်အဝေးထွက်ပြီမို့
ကိုယ့်မှာတော့ ... ရှင်ရေးခက်လှ ။


မင်းခသူ

စနေထောင့်က မြို့ပြ


စန္ဒရားအဖုံးကိုဖွင့်လိုက်ပြီး
အချစ်တော်ကြောင်ကလေးကို တင်လိုက်ပြီ
သူလမ်းလျှောက်ရာကထွက်လာတဲ့ ဂီတဟာ
တစ်ယောက်ယောက်ရဲ့ဘဝကို ပြောပြနိုင်မယ်
တစ်ယောက်ယောက်ရဲ့သီချင်းကို ညီးပေးနိုင်မယ်
တစ်ယောက်ယောက်ရဲ့အနမ်းကို သတိရစေမယ်
မဟုတ်ဘူးဆိုရင်
သူ့ကို ရေချိုးပေးလိုက်မှာဖြစ်တယ်
မျှော်လင့်ထားတဲ့အတိုင်း စံပယ်တွေမပွင့်ကြရင်
ကဗျာစာအုပ်ထဲက စက္ကူတွေဆုတ်ဖြဲကာ
စွန်ကလေးတွေလုပ်မှာဖြစ်ပါတယ်
တကယ်လို့များ ကောင်းကင်ပေါ်မော့ပြီး
နာကျည်းသလောက်အော်ဟစ်ခဲ့ရင်ရော
ပဲ့တင်သံပြန်လာမှာလား
ဖလ်ပုလင်းထဲ စိတ်တွေထည့်မျှောခဲ့သလိုပေါ့
နေရူဒါက ပြောတယ်
ကျုပ်တို့ ကိုယ်တွင်းက သေကြရတယ်
နှလုံးသားထဲမှာ ရေနစ်ကြသလို
အရေခွံက ကျွတ်ထွက်ပြီး
ဝိညာဉ်ထဲကို လိမ့်ကျသလိုပါပဲ - တဲ့
ရင်ထဲမှာ သို့မဟုတ် တနေရာရာမှာ
မိုးခိုနေတဲ့ ငှက်ကလေးတွေရှိနေတယ်
တနေရာရာမှာတော့
မိုးကို ခိုးယူပေါင်းသင်းနေတဲ့
ငှက်ကလေးတွေလည်း ရှိကောင်းရှိမယ်
မတူညီတဲ့အခြေအနေတွေကိုလည်း
ပြက္ခဒိန်​မှာကြက်ခြေခတ်ပြီး ဆုတ်ဖြဲလိုက်ပြီဖြစ်တယ်
ကံဆိုးမိုးမှောင်မှုကို ရေမွှေးပုလင်းထဲထည့်ကာ
ဒါမှမဟုတ်​ သောက်နေကျစီးကရက်ထဲထည့်ကာ
လွမ်းတဲ့ကိစ္စကို ဆွတ်ငင် ရှိုက်သွင်း
ဒီမိုးကရော ... လင်းပါဦးမလား ။


K သူ

ပန်းပေးရန်ရှိသည်




(၁)
အချစ် ချွေးသိပ်ဖို့ပါ
အေးရိပ်ဆာယာ ဖြစ်ချင်တယ် ။

အချစ် ခဏကွန်းခိုပေါ့
မြကျွန်းညို ရင်ခွင်ရိပ်မှာ
မှေးမှိတ်ပါကွယ် ။

အချစ်ရေ ... အချစ်ရယ်
ချစ်တယ်ကွယ် ချစ်တယ်ပေါ့
အချစ်ရေ ... အချစ်ရယ်
ချစ်မယ်ကွယ် ချစ်မယ်နော့ ။

အချစ်ပျော်ပါ
အချစ်ခေါ်ရာ အဆင်သင့်လို့
ဘဝင်နှင့် ပျိုးသမျှပန်းတွေ
ရင်နှင့် မိုးသမျှအနမ်းတွေကလည်း
(သခင့်အတွက် ...)
ချမ်းမြစေရော့ ။

(၂)
အချစ် ချမ်းမြစေဖို့ပါ
စမ်းတမျှရေ သွန်းဆက်မယ် ။

အချစ် စံပါလေတော့
သံသာလေ သစ္စာကမ်းကို
လှမ်းခဲ့လေကွယ် ။

အချစ်ရေ ... အချစ်ရယ်
ပစ်ပယ်ကာ မသွားပါနဲ့
အချစ်ရေ ... အချစ်ရယ်
ရစ်တွယ်ကာ ထားပါလှဲ့ ။

အချစ်နားဆင်ပါ
ချစ်စကားလွင် သိင်္ဂါစောင်းမှာ
ကျိန်ပါကြောင်း ချစ်သမျှတွေ
ချိန်ခါညောင်း တဆစ်မှမပြေဘူး
(သခင်ဦးရယ် ... )
မေတ္တာ စူးရဲ့ ။

(၃)
အချစ် မေတ္တာမခူးရင်တော့
နှစ်တစ်ရာ ရူးရပါလိမ့်မယ် ။

အချစ် အနမ်းထွေးပါတော့
ပန်းပေးတယ်ကွယ် ။

အချစ်ရေ ... အချစ်ရယ်
အပြစ်နွယ် မရစ်တွယ်နဲ့
အချစ်ရေ ... အချစ်ရယ်
မပစ်ပယ် စစ်နယ်မချဲ့ ။

အချစ် ပြုံးပျော်နော်
ချစ်အမုန်းတော် မျက်စောင်းမှာ
အသက်ညောင်း အသည်းကြွေပျက်လို့
ရတက်အပေါင်း မစဲနွေထက်မှာ
ရွှဲမျက်ရည် ပုလဲစက်တွေဟာ
မလွဲရက်ရှည် တွဲလျက်ကြွေကာ
အသည်းပျက်စေမတဲ့ ။


မင်းခသူ

အန္တရာယ်တေးသွား


မသိစိတ်ကို ကုတ်ခြစ်နေ
မေ့ပြီထင်ထားသော မျက်ဝန်းများ
မှောင်ပြီထင်ထားသော အရုဏ်ဦးများ
မှန်တယ်ထင်ထားသော အမှားများ
အံကိုတင်းတင်းကြိတ်လိုက်စဉ် နာကျင်လာ
တစ်ညလုံးကြယ်တွေ ကြွေခဲ့သလိုလို ။

ကြောင်တစ်ကောင်လို လွတ်လပ်ပေါ့ပါးစွာ
ကြောက်ခမန်းလိလိလှပတဲ့ အိမ်မက်တွေပေါ်က
ဝဋ်ကြွေးတွေအားလုံး အားလုံးကြယ်သီးဖြုတ်ပြီး
ခုန်ဆင်းချင်သောအချိန်တိုင်း မမကိုမေ့လိုတယ် ။

သစ်ရွက်ကြွေတယ် ၊ မိုးရွာတယ် ၊ နှင်းကျတယ်
ရထားတစ်စင်းလုံး ချုံးပွဲချငိုသံတွေနဲ့ပြည့်နေရင်
ရောက်ရာအရပ်က မမကိုလွမ်းတယ် ၊ သံသရာ
ဥသြသံတွေ ဆူညံသော ။

လူတစ်ယောက်လုံး ကြွင်းကျန်ခဲ့တဲ့
သင်္ချာပုစ္ဆာဟာ ကျွန်တော့်အချစ်ရေးဖြစ်တယ်
အမှန်တရားဟာ မမနှုတ်ခမ်းနဲ့ ခြေထောက်မှာ
တည်တယ်
ပွဲတော်တစ်ခုလုံး ပြည်ဖုံးကားချလို့မရတဲ့အခါ
ဂစ်တာကြိုးတွေအကုန်ဖြတ်တောက်ပစ်လိုက်တယ်
ကဲ - ဘာတတ်နိုင်သေးလဲ - တဲ့ ။

ဘာမှမတတ်နိုင်စွမ်းတဲ့
ကြယ်မဲ့ ... လမဲ့ ကောင်းကင်တစ်ခုလုံး
ဟိုတုန်းကအနမ်းတွေနဲ့ ပြာလွင်နေတယ်
ဆောက်တည်ရာမရတဲ့အခါ မမဟာ တရားဖြစ်ပြီး
တရားစစ်စစ်ကိုရှာတဲ့အခါ မမဟာ ဓားဖြစ်လာတယ်
မမနာမည်ဟာ တနင်္လာနံနဲ့စလို့
တနလာင်္နေ့မှာပဲ ဘုရားကျောင်းသွားတယ်
ကျန်တဲ့အချိန်တွေဟာ တောက်လောင်နေတော့တယ် ။

တိတ်ပါ
တယောကို ကျွန်တော်ချော့ထိုးနေမိတယ်
ကျွန်တော်က တစ်ယောက်တည်းရယ် ....
နှစ်ယောက်တည်းရှိနေမယ့် မမတို့ကို စိတ်ပူတယ်
ဘဝကိုစိတ်နာတိုင်း ဘွန်ဆိုင်းပင်ကလေးတွေစိုက်
အလှမွေးငါးကလေးတွေကို အစာကျွေး
ပျော်ရွှင်မှုဟာ ဘာလဲလို့မေးရင်
သဲမြေပြင်ပေါ်မှာ ရေစက်ကလေးတွေချပြီး ရေးပြမယ် ။

တိမ်တွေ
တစ်ယောက်တည်းလား ၊ မိသားစုလိုက်လား
သေချာတာကတော့ ... သူတို့တွေဟာ
ကောင်းကင်အိမ်မှာ နေနိုင်ကြပါတယ်
လူတွေ လောင်မြိုက်နေပေါ့ ။

မမကြားဖူးသလား
ညီမလေးမမမြင့် တဲ့
ယာမာဂူချီ ခင်ဆွေရီ တဲ့
ဂန္ထဝင်မမ တဲ့
နျူးကလီးယားခေတ်မှာလည်း
ရာဇဓာတုကလျာတွေ မွေးခဲ့တယ် ။

အဲဒါ ကျွန်တော့်မမဆိုပြီး ...
ကြယ်တွေဆီ လက်ညှိုးထိုးပြခဲ့တာ
မသေချာမှုကိုက မမပဲမဟုတ်လား ။

ကျွန်တော် ကဗျာရေးတယ်ဆိုတာဟာ
ကြယ်တွေကို ရေတွက်နေခြင်းတမျိုးပါပဲ
ကံဆိုးသူသွားရာ ...
ကဗျာတွေကလည်း မိုးလိုလိုက်ရွာတယ်
တခါတလေဆို ၊ မိုးခါးရေတွေပါရွာတယ် ။

ကမ္ဘာဦးမိန်းမတစ်ယောက်ကို
နံရိုးနဲ့ စိုက်ပျိုးခဲ့သော လူ ...
ဘဝဆက်တိုင်း ငရဲသစ်ငုတ်ဖြစ်စေ
ကဗျာတစ်ပုဒ် ရွတ်ဆိုမိတဲ့အခါ
ကျွန်တော့်မမ ငြိမ်းချမ်းပါစေ
ကျွန်တော့်မမနဲ့ သူ ... ၊ ငြိမ်းချမ်းပါစေ ။


 K သူ

ရွာသူ


အင်္ကျီအဖြူ ၊ ထမီအစိမ်းရောင်
ဆန့်ကျင်ဘက်များ ကောင်းကင်
နံနက်ခင်းမှာ ...
ကြယ်စင်တွေ ကျောင်းတက်ခဲ့ပြီ

သနပ်ခါးပါးကွက်ကို ဖျက်နိုင်ဖို့ ၊
မစွမ်းသော ၊ မိုးရေစက်များဟာ
ခေါက်ထီးနီနီမှာ သီးပွင့်လို့ ..... ။

ကြွေသော စိန်ပန်းနီနီ
ကတ္တီပါဖိနပ်လေးနဲ့ နင်းဖြတ်သူ ၊
ညီမလေးကို စွဲချက်ယူဖို့ကလည်း
အပြစ်မှ မဟုတ်ဘဲလေ ။

ညီမလေးရေ ...
လှမ်းခဲ့လိုက် ၊ လှမ်းခဲ့လိုက်စမ်း
ပန်းတိုင်တွေ ညွှတ်ကွေးတဲ့အထိ
လှမ်းခဲ့လိုက် ၊ လှမ်းခဲ့လိုက်စမ်း
ပန်းပွင့်တွေ အလေးမြတ်ပြုတဲ့အထိ
လှမ်းခဲ့လိုက် ၊ လှမ်းခဲ့လိုက်စမ်း
ကမ္ဘာမြေက မင်းကိုနမ်းတဲ့အထိ
လှမ်းခဲ့လိုက်လေ ... ။

သိပ်ထက်တဲ့ ဓားအတွက်
ဓားအိမ်တွေက သိပ်ကျပ်မနေပါဘူး
သိပ်မွှေးတဲ့ ပန်းအတွက်
ဦးခေါင်းတွေက သိပ်ရှက်မနေပါဘူး
နှင်းဆီရုံ ၊ စံပယ်ရုံတွေအကြား
ကျောင်းတံခါးတွေ ပွင့်ပြီကွယ် ။

ကျောင်းတော်ဆီ ဦးတည်လျှောက်တဲ့
ခြေထောက်တွေဟူသမျှဟာ 
ပင်လယ်ကိုစိုက်ပျိုးမယ့် မိုးရေ မိုးပေါက်တွေပါ
ကောင်းကင်တံခါးကိုဆောင့်ကန်မယ့် ဖိနပ်တရံပါ
ရွှေနန်းတော်ကိုတက်သိမ်းမယ့် ဓား ၊ လှံတွေပါ
ညီမလေးရေ ... လှမ်းခဲ့လိုက် ။

နေကြာပွင့်ကလေး
နေရောင်ခြည် လဲ့ဖြာဝေရာအရပ်ဆီ
နံ့သာရောင်လွယ်အိတ်ကလေး လွယ်လို့
နန်းသိမ်းမယ့် အိမ်မက်များနဲ့
နှင်းရာသီမှသည် နွေဦးပေါက်သည်အထိ
နင်းလျှောက်နေပါ
ပြီးတော့ ကဗျာစပ်ဖို့ မှော်အတတ်တွေသင်ပါ
ကဗျာမြောက်တဲ့ မှော်ပညာတွေကျက်မှတ်ပါ
ညီမလေးရေ ... လှမ်းခဲ့လိုက် ။

ရွှေရင်သိမ်းသစ် ၊ ပျိုမျစ် မြတ်နွယ်
ကျောင်းတက်နေတဲ့ ကြယ်ကလေး
ဒါမှမဟုတ် ...
တလောကလုံးကို ပြုစားမယ့်
ခေါင်းလောင်းသံဟာ ညီမလေးပေါ့ ။

ကျောင်းမှန်မှန်တက်ပါ
သနပ်ခါးမှန်မှန်လိမ်းပါ
သက်တံ့တွေအစား
ခါတော်မီပန်းတွေ ပန်ပါ
စာအုပ်ကလေး အမြဲဖွင့်ထားပါ
အဝေးကြီးကိုလည်း မျက်လွှာချပြီးကြည့်ပါ
လောကဓံတိုက်ပွဲခေါ်သံတွေကြားမှာ
ခဲတံအမြဲချွန်ထားပါ
လက်သည်းဆိုးဆေးတွေရှောင်ကျဉ်ပါ
မင်းလက်သည်း ဖြူဖြူသွယ်သွယ်မှာ
အိမ်မက်တွေအမြဲရေး ၊ အမြဲတေးထားပါ
ကောက်ကွေ့ရှည်လျားတဲ့လမ်းတွေပေါ်ကို
စိတ်နဲ့ အရင်ပြေးကြည့်ပါ ညီမလေး ။

ကမ္ဘာမြေက ပိုင်တဲ့
ကမ္ဘာမြေကို ပိုင်မယ့်
ကျောင်းသွားသူ ညီမလေးဟာ
ကြယ်စင်လို တောက်စားလင်းပွင့်တဲ့
ကောင်းကင်ရွာသူလေ ... ။


K သူ